အော်… နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်တစ်ခုတောင် ကူးပြောင်းလာပြန်ပြီ။ ဒီအချိန်ဆို ပိတောက်ပွင့်ပြီးသော နေရာမှ ပိတောက်ပန်းများ ငုဝါပန်းများသည်လည်း မြေခကြွေကျပြီး ချုပ်ငြိမ်းသွားပြီ။ အော်… ကြည့်တတ်ရင် မမြဲခြင်းသဘောတရားတွေကို ထင်ရှားစွာ တွေ့ရသည်။ ပိတောက်ပန်း ငုပန်းတွေ သူ့တို့အလှနဲ့ သင်္ကြန်ကို ထာဝရ အလှမဆင်နိုင်ကြဘူးလေ။ ပင်ယံထက်မှာ ပွင့်ဖူးပြီး သင်းပျံ့နေသော ခဏတာဘဲ အတာသင်္ကြန်ကို အလှဆင်ပြီး လူတွေခူးကြ ချိုးကြနဲ့ နောက်ဆုံးတော့ ပန်းကလေးတွေဟာလည်း သေခြင်း ပျက်စီးခြင်းဆိုတဲ့ သဘောတရားကို မလွန်ဆန်နိုင်ဘဲ နှုက်ဆက်ထွက်ခွာ သွားကြရတာဘဲ။
မြတ်စွာဘုရားရှင်က ရုပ်ခန္ဓာကြီးက တစ်စက္ကန့်အတွင်း ကုဋ္ဋေငါးထောင်ခန့် ဖြစ်ပျက်နေပြီး၊ နာမ်ခန္ဓာက တစ်စက္ကန့်အတွင်း ကုဋ္ဋေတစ်သိန်းခန့်ဖြစ်ပျက် နေသည်ဟု ဟောကြားထားသဖြင့် ရုပ်ခန္ဓာကြီးမှာလည်း ပြောင်းလဲခြင်း ဟူသော သင်္ကြန်ကျနေသည်ကို သိမှတ်ရပါသည်။ ကျွန်တော် တို့ရဲ့ ဘ၀မှာလည်း နှစ်သစ်ရောက်ပြီဆိုတော့ အသက်တစ်နှစ် ကြီးလာပြီဆိုတာကို မီးမောင်းထိုး ပြနေတာ အထင်အရှားဖြစ်ပါတယ်။ နှစ်သစ်ရောက်ပြီဆိုတော့ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေနဲ့ ဆေးကြောလို့ ရပေမယ့် စိတ်အညစ်အကြေးတွေကတော့ ရေနဲ့ ဆေးလို့ မရပါဘူး။ တရားရေအေးနဲ့သာ ဆေးကြောပေးမှ နှစ်သစ်မှာ ဖြူစင်သွားမှာ ဖြစ်ပါတယ်။ ပိတောက်ပန်း၊ ငုဝါပန်းတွေဟာ ချုပ်ငြိမ်းပျောက်ဆုံး မသွားခင်ထိ သူတို့ရဲ့ အစွမ်းနဲ့ မြန်မာရိုးရာ အတာသင်္ကြန်ကို အလှဆင်သွားခဲ့ကြပါတယ်။ ကျွန်တော်တို့တွေဟာလည်း နှစ်ဟောင်းတွင် မကောင်းမှုတွေ များများလုပ်ခဲ့ရင် နှစ်သစ်မှာ ပြုပြင်ပြီး ကောင်းမှုကို လုပ်လာနိုင်အောင် နှစ်ဟောင်းတွင် ကောင်းမှုများကို လုပ်ခဲ့ရင်လည်း နှစ်သစ်တွင် အရင်နှစ်ဟောင်းထက် ပို၍သာ၍ ကောင်းမွန်သော ကုသိုလ် ကောင်းမှုများကို ပြုလုပ်ခြင်းဖြင့် ပန်းကလေးတွေက သင်္ကြန်ကို အလှဆင်နိုင်သလို ကိုယ့်ရဲ့ဘ၀ကို အလှဆင်နိုင်ရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ကျောင်းတွင် အွန်လိုင်းမှ အပတ်စဉ် စနေ့နေ့တိုင်း သီလပေး တရားဟောကြားဆုံးမပေးသည့် ဆရာတော် အရှင်ဣန္ဒာစရိက ကိုယ်ပြုခဲ့သော ကုသိုလ်နှင့် ပတ်သက်ပြီး ဘက်ထရီအိုးနဲ့ မီးသီး ဥပမာလေး ပေးပြီး ဆုံးမဟောကြားဖူးပါတယ်။ ဆရာတော်အဆုံးအမလေးကို ကျွန်တော် ပြောပြရရင်တော့ ဒီလိုလေးဗျာ…
ကုသိုလ်ကောင်းမှုဆိုတာ ဘက်ထရီအိုး နဲ့ မီးသီးလိုဘဲ ဖြစ်ပါတယ်။ ဘက်ထရီအိုးဟာ သူ့အားပြည့်နေတဲ့ အချိန်မှာဘဲ မီးကောင်းကောင်းလင်းပြီး အားလျော့လာတာနဲ့ တစ်ပြိုက်နက် မီးကမှိန်လာမယ်။ ထိုအခါ အသစ်တစ်ဖန် ဘက်ထရီအိုးကို အားပြန် ဖြည့်ပေးရပါတယ်။ ထိုနည်းတူစွာဘဲ ကျွန်တော်တို့ အခုလက်ရှိဘ၀မှာ ရရှိခံစားနေရတဲ့ အခြေအနေ အရပ်ရပ်တွေဟာလည်း ရှေးက ကိုယ်ပြုခဲ့သော ကောင်းမှုကုသိုလ်တွေက လာပြီး အကျိုးပေးနေခြင်း ဖြစ်ပါတယ်။ ယခုလက်ရှိဘ၀တွင် မကောင်းမှုတွေ လုပ်နေပေမယ့် ချမ်းသာစွာ နေရတာဟာ ရှေးက ပြုခဲ့သော ကုသိုလ်ကောင်းမှု၏ အကျိုးကို ခံစားနေရခြင်းဖြစ်ပြီး အဲဒီကောင်းမှုတွေ အကျိုးပေးတာတွေ အရှိန်သေတာနဲ့ တစ်ပြိုက်နက် မီးသီးမီး မှိန်လာသလိုဘဲ ကောင်းသောကံတွေ ပျောက်ပြီး ကံဆိုးတွေ တဖြည်းဖြည်းဝင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဘက်ထရီအိုးကို အားသွင်းပေးရသလို ကျွန်တော်တို့တွေရဲ့ ရှေးက ကောင်းမှုတွေကို အရှိန်သေမသွားအောင် ဆက်လက်ပြီး ကုသိုလ်ဘက်ထရီတွေ ထပ်ဖြည့်ပေးရင်းနဲ့ ၀ိပဿနာ ဘာဝနာလမ်းကို တက်လှမ်းပြီး နိဗ္ဗာန်လမ်းကို တက်လှမ်းနိုင်သော တရားထူး တရားမြတ်များကို ရယူနိုင်သော သူများဖြစ်ပါစေလို့ နှစ်သစ်မှာ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ဦးထိပ်ထား၍ မွေးမိ ဖခင် ကျေးဇူးရှင်နှင့် ကျွန်တော်အား ငယ်စဉ်ကစ၍ ယခုထိတိုင်အောင် သင်ကြားဆုံးမပေးကြသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကိုလည်း ဒီပိုစ်လေးနဲ့အတူ မြန်မာ့နှစ်သစ်ကူးတွင် အဝေးတစ်နေရာမှ နေ၍ ရှိခိုးကန်တော့ လိုက်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေ သူငယ်ချင်များ အားလုံးလည်း နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒတွေ အားလုံး ပြည့်ဝကြပါစေ။
တောသားလေး
1 comments:
အကိုရေလင့်ပြောင်းချိန်ထားလိုက်ပါပြီ။
ကောင်းသောမင်္ဂလာနှစ်သစ်လေးဖြစ်ပါစေအကို။
Post a Comment