This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.

This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.

This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.

Friday, 10 June 2011
*ကြွေးပေးသူနှင့် ကြွေးယူသူ အမေးအဖြေ ရှင်းလင်းချက်*
ဒီပိုစ်လေးကတော့ ကျွန်တော် 10.6.2011 ရက်နေ့က အွန်လိုင်းတွင် သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူငယ်ချင်းက သူ့စိတ်ထဲမှာ မရှင်းလင်းတာလေး သိချင်လို့တဲ့။ အဲဒါ ငါ နင့်ကို မေးလို့ရလားလို့ မေးပါတယ်။ ကျွန်တော်လည်း အေး ရပါတယ်ဟ။ ငါသိရင်တော့ ဖြေပေးတာပေါ့လို့ ပြန်ပြောလိုက်ပါတယ်။ သူမေးခွန်းကို ကျွန်တော် သိသလောက်တော့ ရှင်းပြပါတယ်။ သူက ပိုပြီးတော့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိချင်တော့ နင် ဆရာတော်တွေကို မေးလျှောက်ပေးပါလားလို့ ပြောပါတယ်။ အေး ခနနေအုံး သူငယ်ချင်း ငါ မေးလျှောက်ပေးမယ်ဆိုပြီး အွန်လိုင်းတွင် ဆရာတော်သီတဂူစတားကို ဒီမေးခွန်းလေးကို ဆရာတော်၏ အမြင်လေးနဲ့ ရှင်းလင်းအောင် အဖြေလေးသိချင်ပါတယ်ဆိုပြီး ကျွန်တော် မေးလျှောက်ခဲ့ပါတယ်။
သူငယ်ချင်း မေးတဲ့ မေးခွန်းက ဒီလိုဖြစ်ပါတယ်။
မြန်မာလူမျိုးတွေ မှာသူများအကြွေးကိုယူမိပြီး ပြန်မဆပ်ရင်ပေါ့နော်။ အဲ့သူဆီ သံသရာကြွေးအနေနဲ့ နောင်ဘ၀မှာ နွားတို့ဘာတို့အဖြစ်နဲ့ ပြန်ဆပ်ကြရတယ်လေ။ အဲ့ဒါကို သိတယ် လက်လည်းခံတယ်။ အကြွေးယူသွားတယ် အဲ့ဒါကို ယူတဲ့သူကမေ့နေတယ် ပြန်ဆပ်ဖို့ အကြွေးရှင်ကလည်း မှတ်မိပေမယ့် သူ့အဲဒီ အကြွေးကို မယူပေးချင်တော့ဘူး ငါ့ဆီလည်း သံသရာကြွေး လာမဆပ်နဲ့တော့ရယ်လို့ သူ့ဘာသာသူ ယူတဲ့သူမသိဘဲ ဆုံးဖြတ်ထားပြီး မတောင်းတော့ဘူးဆိုရင် ယူထားသူက အဲဒီ ပိုက်ဆံအတွက် သံသရာကြွေး ပြန်လာဆပ်ရသေးလားဆိုတာကို ငါ ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။
ဆရာတော်က သူငယ်ချင်းမေးတဲ့ မေးခွန်းလေးကို ဒီလိုဖြေကြားထားပါတယ်။
စာမှာတော့ အကြွေးနဲ့ပတ်သက်ပြီး ရဟန်းတွေကိုပဲ ဟောထားတာတွေ့ရတယ် စာလိုတော့ ဣဏပရိဘောဂ ပေါ့ ဥပမာဆိုပါဆို့- ရဟန်းတွေဟာ ဒကာဒကာမတွေ လှူတာ စားနေကြရတယ် ဒါအကြွေးပဲ အဲဒီအကြွေးမတင်အောင် စာခါနီး မေတ္တာပို့ခြင်း ဆင်ခြင်ခြင်း နည်းစနစ်ကို ဘုရား ချမှတ်သွားတယ်။ ယူတဲ့သူက မေ့နေတယ်၊ ဒါပေမဲ့ အကြွေးရှင်ကိုယ်တိုင်က ပေးစရာ မလိုတော့ဘူးဆိုတဲ့သဘော ဆုံးဖြတ်ထားတော့ အကြွေးမတင်ဘူးလို့ပဲ ယူဆပါတယ်။
မနော ပုဗ္ဗင်္ဂမာ မနော သေဋ္ဌာ ဆိုတဲ့
စာအလိုပေါ့ စိတ်သာလျှင် အဓိကပါ
ယူတဲ့သူက အကြွေးမပေးတော့ဘူးလို့ စိတ်စေတနာဆိုးမပါ သလို အကြွေးရှင်ကလဲ စိတ်နဲ့ ပေးစရာမလိုဟု ဆုံးဖြတ်ထားရကား အကြွေးမရှိဟု ယူဆနိုင်ပါတယ်။
ဆက်လက်ပြီး ဆရာတော်နဲ့ ကျွန်တော် မရှင်းလင်းတာလေးတွေကို မေးလျှောက်ခဲ့ပါတယ်။
တောသားလေး: မှန်ပါ့ဘုရား သူက အဲဒါ မရှင်းဖြစ်နေတာဘုရား။
သီတဂူစတား: ဆိုလိုတာက အကြွေးယူသူက အကြွေးဆပ်မယ်လို့ စိတ်ထဲမှာ ရှိပြီးသားလေ မဆပ်သေးတာဘဲ ရှိတာ။
တောသားလေး: မှန်ပါ့ဘုရား။
သီတဂူစတား: မေ့လျော့နေပေမယ့် သတိရတဲ့အချိန် ပြန်ဆပ်မယ်ပေါ့။ ဒီလိုခံယူထားတာဆိုတော့ အကြွေးယူသူသန္တာန်မှာ အပြစ်မရှိဘူးလို့ ယူဆပါတယ်။
တောသားလေး: မှန်ပါ့ဘုရား။
သီတဂူစတား: မဆက်တော့ဘူးလို့ စိတ်က ဆုံးဖြတ်ချက်ချလိုက်ရင်တော့ သူ့အကြွေး သံသရာတကွေ့မှာ ပြန်ဆက်ရမယ်ပေါ့။ ဒါကလဲ ခိုးခြင်း လိမ်ညာခြင်းတမျိုးပဲလေ သူ့စိတ်က ပြန်ပေးမယ်လို့ ယူဆထားသရွေ့ အပြစ်မရှိဘူးလို့ပဲ ယူဆပါတယ်။
တောသားလေး: မှန်ပါ့ဘုရား။
သူစိတ်က ဒီဘ၀ သေသွားလို့ မဆပ်ဖြစ်တောင် နောက်ဘ၀မှာ ကြုံရင် ပြန်ဆပ်တာ ကျတော့ရော ဘုရား။
သီတဂူစတား: ဟုတ်တယ်။
တောသားလေး: အပြစ်အတွက် မဟုတ်ဘူးပေါ့နော် သူဘာသာ အခိုက်မသင့်လို့ သက်တမ်းအရ သေသွားခဲ့သော် အကြွေးတွေကလည်း ဆပ်မယ်ဆိုပြီး မဆပ်ခဲ့ရရင် သံသရာတော့ပါမှာပေါ့နော် ဘုရား။
သီတဂူစတား: သူက အပြစ်ကျူးလွန်တာ မဟုတ်သည့်အတွက် နောက်ဘ၀အထိ မရောက်ပါဘူး။
တောသားလေး: မှန်ပါ့ဘုရား။
သီတဂူစတား: ယူသူစိတ်ထဲမှာ ပြန်ပေးမယ် ဆိုတဲ့ ဆန္ဒရှိနေတယ်၊ သူ့စိတ်ဖြူစင်တယ်၊ ဒါ့ကြောင့် နောက်ဘ၀အထိ အဲဒီအကြွေး မရောက်နိုင်ဘူးလို့ ထင်ပါတယ်။
တောသားလေး: မှန်ပါ့ဘုရား။
သီတဂူစတား: နောက်ဘ၀အထိ အကျိုးပေးတယ်ဆိုတာ စာလို ပြောရင် ကမ္မပထမြောက်မှလေ။
တောသားလေး: မှန်ပါ့ဘုရား။ သူမေးခွန်းထဲကလို နွားအဖြစ်တို့ ဘာတို့ ပြန်ဆပ်ရတာကျတော့ ဘယ်လို အပြစ် ဖြစ်သွားတာလဲ ဘုရား။
သီတဂူစတား: ကမ္မပထဆိုတာ သူတစ်ပါး ဒုက္ခရောက်အောင် လွန်ကျူးခြင်းပေါ့၊ စာလိုတော့ အတ္ထဘဉ္စန ပေါ့။
တောသားလေး: မှန်ပါ့ဘုရား။
သီတဂူစတား: ဒါက ပြန်မဆပ်ဘူးဆိုတဲ့ အလိုဆိုး စိတ်ဆိုးတွေကြောင့်ပါ။
တောသားလေး: ရွာတွေမှာလည်း ငါအကြွေးမဆပ်ရင် ငါအိမ်မှာ ဘာဖြစ် ညာဖြစ်ဆိုပြီး ဒေါသနဲ့ ပြောကြတာတွေ ကြားဖူးတယ်ဘုရား။ အဲဒါတွေကြောင့်လား ဘုရား။
သီတဂူစတား: ဒါက အကြွေးရှင်က မကျေနပ်တာလေ။
တောသားလေး: မှန်ပါ့ဘုရား။
သီတဂူစတား: အခုဟာက ၁။ အကြွေးရှင်က ကျေနပ်ခြင်း၊ ၂။ ယူသူကလဲ အလိုဆိုး မရှိခြင်း ဒီနှစ်ချက်တည်းနဲ့တင် ဘုန်းဘုန်းအလိုပေါ့ အပြစ်မရှိ နောက်ဘ၀အထိ ဆက်စရာ မလိုဟု ယူဆပါတယ်။
တောသားလေး: ဆပ်ချင်တဲ့ စိတ်ရှိတဲ့သူကတော့ ဆပ်ကို ဆပ်မှာဘဲ အပြစ်မရှိဘူး အကယ်၍ မဆပ်ချင်ဘဲ ရှောင်ပုန်းနေရင်တော့ အပြစ်ဖြစ်မှာဘဲ အဲလိုပေါ့ဘုရား။
သီတဂူစတား: အကြွေးဆက်ရတယ်ဆိုတာ အဲဒီ ၂ ချက် တစ်ခုခု ညှိနေလို့ပဲ။
တောသားလေး: မှန်ပါ့ဘုရား။
သီတဂူစတား: နားလည်နိုင်တဲ့ သူကို ထပ်မေးကြည့်ပေါ့ အဖြေတမျိုးထွက်လာနိုင်တယ်။
တောသားလေး: မှန်ပါ့ဘုရား။
သီတဂူစတား: အယူအဆ မတူနိုင်ဘူးပေါ့ အဲဒီအထဲကမှာ ကိုယ်ကြိုက်တာ ယူပေါ့။
တောသားလေး: မှန်ပါ့ဘုရား။ တပည့်တော် အခုလို ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် အရှင်ဘုရားကိုလည်း ကျေးဇူးတင်ပါတယ် ဘုရား။ သူငယ်ချင်းကလည်း သူစိတ်ထဲမှာ ရှင်းသွားပါပြီ ဘုရား။ အရှင်ဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးကန်တော့ လိုက်ပါတယ်ဘုရား။
အားလုံး ကြွေးယူတော့ပြုံး၊ ကြွေးတောင်းတော့ အမုန်းများ မပွားမိအောင် ဆင်ခြင်နိုင်ကြပါစေ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး
Wednesday, 8 June 2011
*သံသရာ*
သံသရာဟူသည် တစ်ဘ၀မှ တစ်ဘ၀ တပြောင်းပြန်ပြန် အဖန်ဖန် အထပ်ထပ် အဆက်မပြတ် ဖြစ်ပျက်ခြင်းပင် ဖြစ်ပါသည်။ အဌသာလိနီအဌကထာ၌လည်း “ခန္ဓာ အာယတန ဓာတ်တရားတို့၏ အဆက်မပြတ်သော ဖြစ်စဉ်သည် သံသရာမည်၏” ဟု ဖော်ပြထားပါသည်။
ဤတွင် သတိပြုစရာ ရှိလာ၏။ သတ္တ၀ါတို့သည် ဤသို့ သံသရာလည်ပတ်ကြရာ၌ “ဤဘ၀ ဤဘုံမှ ရုပ်နာမ်ကပင် ထိုဘ၀ ထိုဘုံ၌ ပြောင်းရွှေ့ဖြစ်ပျက်၏” ဟု မစွဲယူသင့်ခြင်း ဖြစ်သည်။ ထိုသို့ စွဲယူပါက သဿတဒိဌိ (မြဲ၏ဟူသော အမှားများ) ဖြစ်လိမ့်မည်။ တစ်ဖန် “ဤဘ၀ ဤဘုံမှ ရုပ်နာမ်သည် ဤဘ၀ ဤဘုံမှာပင် သေကျေ ကင်းပြတ်၏၊ နောက်ဘ၀ နောက်ဘုံနှင့် ဘာမျှမသက်ဆိုင်” ဟု စွဲယူပြန်လျှင်လည်း ဥစ္ဆေဒဒိဌိ (သေလျင်ပြတ်၏ ဟူသော အယူမှား) ဖြစ်လိမ့်ဦးမည်။ မြတ်ဗုဒ္ဓကား ယင်းအယူအဆနှစ်ခုတို့၏ အကြားမှာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်းကိုသာ ညွန်ပြတော်မူလေသည်။
ဤအကြောင်းနှင့် ပတ်သက်၍ ဤဘ၀ ဤဘုံမှ ရုပ်နာမ်တစုံတရာက မပြောင်းရွှေ့ဘဲ ဟိုဘ၀ ဟိုဘုံ၌ ပဋ္ဋိသန္ဓေ နေနိုင်ပုံကို မိလိန္ဒပဥှာတွင် ဤသို့ ပြဆိုထား၏-
အရှင်နာဂသေန။ ။မင်းမြတ်- ဥပမာကား တစ်စုံတယောက်သော ယောင်္ကျားသည် မီးတိုင်တစ်ခုမှ မီးတိုင်တစ်ခုကို ညှိထွန်း၏။ မင်းမြတ် အသို့နည်း၊ ထိုမီးသည် ထိုမီးတိုင်မှ ပြောင်းရွှေ့သွားသလော?
မိလိန္ဒမင်း။ ။အရှင်ဘုရား- မပြောင်းရွှေ့ပါ။
အရှင်နာဂသေန။ ။မင်းမြတ်- ဤအတူပင် ဤဘ၀မှ တစုံတရာ မပြောင်းရွှေ့ဘဲ ပဋ္ဋိသန္ဓေဖြစ်၏။
မိလိန္ဒမင်း။ ။ထို့ထက် အလွန် ဥပမာ ပြုပါဦးလော့?
အရှင်နာဂသေန။ ။မင်းမြတ်- သင်မင်းမြတ်သည် ငယ်စဉ်က ကဗျာဆရာထံမှ တစုံတခုသော ကဗျာကို သင်ဖူးကြောင်း မှတ်မိပါ၏လော?
မိလိန္ဒမင်း။ ။အရှင်ဘုရား- မှတ်မိပါ၏။
အရှင်နာဂသေန။ ။မင်းမြတ်-အသို့နည်း၊ ထိုကဗျာသည် ဆရာ့ထံမှ ပြောင်းရွှေ့လာသလော?
မိလိန္ဒမင်း။ ။အရှင်ဘုရား-မပြောင်းရွှေ့ပါ။
အရှင်နာဂသေန။ ။မင်းမြတ်-ဤအတူသာလျှင် ဤဘ၀မှ တစုံတရာ မပြောင်းရွှေ့ဘဲ ဟိုဘ၀၌ ပဋ္ဋိသန္ဓေစွဲယူ၏။
သို့ဖြစ်၍ တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွှေ့၍ သံသရာလည်ပတ်ရာတွင် ဤဘ၀ ဤဘုံမှ ရုပ်နာမ်နှင့် ဟိုဘ၀ ဟိုဘုံမှ ရုပ်နာမ်သည် ထပ်တူထပ်မျှ လုံးဝတူသည်လည်းမဟုတ်၊ တကွဲတပြား လုံးဝခြားနားသည်လည်း မဟုတ်၊ နွားနို့မှ နို့ဓမ်းစသည် ဖြစ်ရာတွင် နို့ဓမ်းသည် နွားနို့မဟုတ်သော်လည်း နွားနို့နှင့် အကြောင်းမကင်းသကဲ့သို့ ထို့အတူပင် ဤဘ၀ ဤဘုံမှ ရုပ်နာမ်အကြောင်းကြောင့် ဟိုဘ၀ဟိုဘုံမှ ရုပ်နာမ်အကျိုးတရား ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ဤသို့ တစ်ဘ၀မှ တစ်ဘ၀ ပြောင်းရွှေ့ဖြစ်ပျက်ရာ၌ သံသရာခရီးကား ရှည်ဝေးကြာမြင့်လွန်းလှ၏၊ သမုဒ္ဒရာသည် ဆုံးစမမြင် ကျယ်ပြန့်သလိုပင် သံသရာသည်လည်း ဆုံးစမမြင် အလွန်ပင် ရှည်လျားလှပါ၏၊ သံသရာဟူသော သမုဒ္ဒရာ၏ အနားရေးကမ်းစကို ဘယ်မှာ စတင်ခဲ့ကြောင်း မသိနိုင်ပေ၊ သံသရာ၏ ရှေ့ဖျား အနားရေး အစကား နှစ်ပေါင်း ရာထောင် စသည်ကြာခဲ့ပြီ၊ ကမ္ဘာပေါင်း ရာထောင် စသည် ရှည်ခဲ့ပြီ၊ “ဤမင်း ဤဘုရားလက်ထက်က စတင် ဖြစ်ခဲ့သည်၊ ထိုကာလ၏ ရှေးက စတင် မဖြစ်ပေါ်ခဲ့သေး” ဟု ခေတ်ကာလကို သတ်မှတ်၍ မရနိုင်။ ထို့ကြောင့် “သမုဒ္ဒရာ အသွင် သံသရာခွင်” (သံသာရ သာဂရ) ဟု ဖွင့်ဆိုကြခြင်း ဖြစ်ပါ၏။
သာသနာရေး ၀န်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ ပြန်လည် ကူးယူပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာပန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ။
တောသားလေး

Monday, 6 June 2011
*ရဟန်းသံဃာတော်များအား စားသောက်ဖွယ်ရာများကပ်လှူနည်း*
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဆွမ်းစသော စားသောက်ဖွယ် ပစ္စည်းတို့ကို ရဟန်းသံဃာတော်တို့၏ လက်သို့ ထိအောင် ရောက်အောင် ပေးခြင်းကို ကပ်လှူသည်ဟု ခေါ်သည်။ ယင်းသို့ ကိုယ်ထိလက်ရောက် ပေးလှူခြင်းကို ကပ်လှူသည်ဟု အတိုကောက် သုံးနှုန်း၏။
ယင်းသို့ ကပ်လှူရာ၌ အင်္ဂါ (၅)မျိုးနှင့် ပြည့်စုံမှ ကပ်လှူမှု ထမြောက် အောင်မြင်ပါသည်။ အင်္ဂါ ငါးမျိုးနှင့် ပြည့်စုံအောင် ပေးလှူခြင်းကို အကပ်မြောက်သည်ဟု အတိုကောက် သုံးနှုန်း၏။
၁။ ကပ်လှူမည့်သူက ကပ်လှူခြင်း ခံယူမည့် ရဟန်း၏ လက်သို့ ရောက်အောင် ထိအောင် စားဖွယ်ပစ္စည်းကို ရှေးရှုဆောင်ပေးခြင်း၊
ယင်းသို့ ကပ်လှူရာ၌ အင်္ဂါ (၅)မျိုးနှင့် ပြည့်စုံမှ ကပ်လှူမှု ထမြောက် အောင်မြင်ပါသည်။ အင်္ဂါ ငါးမျိုးနှင့် ပြည့်စုံအောင် ပေးလှူခြင်းကို အကပ်မြောက်သည်ဟု အတိုကောက် သုံးနှုန်း၏။
၁။ ကပ်လှူမည့်သူက ကပ်လှူခြင်း ခံယူမည့် ရဟန်း၏ လက်သို့ ရောက်အောင် ထိအောင် စားဖွယ်ပစ္စည်းကို ရှေးရှုဆောင်ပေးခြင်း၊
၂။ ကပ်လှူမည့်သူသည် ကပ်လှူခြင်း ခံယူမည့်ရဟန်း၏ နှစ်တောင်ထွာအတွင်း ရောက်ရှိနေရခြင်း
၃။ အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီ မ-ယူနိုင်သော ပစ္စည်းဝတ္ထု ဖြစ်စေရခြင်း။
မှတ်ချက်။ ။ ဆွမ်းနှင့် ဆွမ်းဟင်းပန်းကန်များ တင်ထားသော စားပွဲခုံသည် ခွန်အား အလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီ မ-ယူနိုင်ပါက နှစ်ယောက်သုံးယောက် ၀ိုင်းဝန်းမြှောက်ချီ မ-ယူ၍ ဆပ်ကပ်မှုမျိုးသည် အကပ်မြောက်ပါသည်။ အလှူရှင်များ အတူတကွ မ-ယူ ကပ်လှူနိုင်သည်။
၎။ ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက် စသည်ဖြင့်ဖြစ်စေ အနီးကပ် ပစ်၍ဖြစ်စေ ဤသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်လှူသူက ပေးခြင်း၊
မှတ်ချက်။ ။ ပစ်၍ ပေးခြင်းမျိုးကား ရိုင်းစိုင်းရာ ရောက်သောကြောင့် အကပ်မြောက်သော်လည်း ကပ်လှူလေ့ မရှိပါ။
၅။ ကိုယ်၏ အစိတ်အပိုင်း လက်စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်၊ တုတ် စသည်ဖြင့် ခံ၍ ထိ၍ ဖြစ်စေ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံရသော ရဟန်းက ခံယူခြင်း။
ဤငါးမျိုးနှင့် ပြည့်စုံညီညွတ်အောင် ကပ်လှူရသော အကပ်မြောက်ပါသည်။
ဤသို့ စားသောက်ဖွယ်များကို ရဟန်းသံဃာတော်များအား ကပ်လှူရာ၌ အမျိုးသမီးဖြစ်ပါက ကြုံကြုံကလေးထိုင်၍၊ အမျိုးသားဖြစ်ပါက ဒူးတုပ်ထိုင်ပြီး ဖော်ပြခဲ့ပြီးသော အင်္ဂါငါးမျိုးနှင့် ပြည့်စုံညီညွတ်အောင် ရိုသေလေးစားစွာ ကပ်လှူရပါမည်။ သက္ကစ္စဂါရ၀ မြောက်ရပါမည်။ သို့မှသာ လူနတ်နိဗ္ဗာန် သုံးတန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်၍ မွန်မြတ်သော ကောင်းကျိုးကို ရရှိနိုင်မည် ဖြစ်ပါသည်။
အကျဉ်းချုပ်-
- ရှေ့ရှုဆောင်ခြင်း၊
- နှစ်တောင့်ထွာအတွင်း ဖြစ်ခြင်း၊
- တစ်ယောက် မ-နိုင်ခြင်း၊
- လက်ဖြင့် သို့မဟုတ် ပန်းကန်စသည်ဖြင့် ထည့်၍ ကပ်ခြင်း၊
- ရဟန်းက အကပ်ခံခြင်း။
သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ ပြန်လည် ကူးယူပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာပန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ။
တောသားလေး

Friday, 3 June 2011
*ပညာ*
မြတ်စွာဘုရားရှင်က “ပညာသမာ အာဘာ နတ္ထိ” ပညာနှင့်တူသော အလင်းရောင်မရှိ” ဟု ဟောကြားတော်မူခဲ့ပါတယ်။ ပညာဆိုတဲ့ ဝေါဟာရမှာ လောကီပညာနဲ့ လောကုတ္တရာပညာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကျွန်တော် အခုပြောပြမယ့် ပညာကတော့ လောကီပညာပဲ ဖြစ်ပါတယ်။ နောက်တစ်နည်း ပြောရရင်တော့ အတတ်ပညာ ကို ဆိုလိုခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ အားလုံးက ပညာဟုဆိုလျှင် အတန်းပညာ ဘွဲ့တွေကို ပြေးမြင်မိကြပါတယ်။ အဆင်မြင့် ပညာတွေ တတ်မြောက်ပြီး ဘွဲ့တွေတန်းစီရခြင်းဟာ ပညာပြည့်စုံပြီဟု မဆိုနိုင်သေးပါ။ တချို့တွေက ဘွဲ့လေးတစ်ခုရပြီ ဆိုရင် ကျောင်းပြီးပြီ ပညာတတ်ပြီ လို့ ကိုယ့်ကိုယ်ကို ထင်မိကြတယ်။
ဥပမာ - ကျွန်တော်ဟာ ဘွဲ့ရပညာတတ် တစ်ယောက်ဆိုပြီး ကိုယ့်ကိုယ်ကို မာန်မာနတက်ကာ ရွာထဲမှာ တခြားသူတွေကို ရှိတယ်လို့ မထင်ဘဲ မူးယစ်သောင်းကျန်း ကိုယ်ထင်ရာ ကိုယ်လုပ်နေမယ် ဆိုရင် တခြားသူတွေက “ဟာ ဒီကောင်လေး တက္ကသိုလ်မှာ ပညာတွေသင်လာပြီး ကျောင်းတွေအများကြီး တက်ခဲ့ပြီး လေ့လာ သင်ကြားခဲ့တာတွေဟာ ဒီလိုဘဲလား” လို့ ဝေဖန်လာကြလိမ့်မယ်။ အဲဒီလိုမျိုးတွေ မဖြစ်အောင် အဆိုးအကောင်း အမှားအမှန်ကို ဝေဖန်ပိုင်းခြား ခွဲခြမ်းပြီး အမှန်အတိုင်း သိရှိနိုင်ခြင်းကို ပညာဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။
အဲဒီ ပညာကတော့ အသိဉာဏ်ပညာနဲ့ သက်ဆိုင်နေတဲ့ အတွက် လောကုတ္တရာ ပညာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အသိပညာလို့ ဆိုလိုတာပါ။
သိပ္ပံပညာ၊ ၀ိဇ္ဇာပညာ၊ လက်မှုပညာနဲ့ ပညာရပ်မျိုးစုံကို တတ်မြောက်ထားတဲ့ သူတွေကို ပညာတတ် ဆိုပြီး ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်ကြပါတယ်။ ကန့်ကွက်စရာတော့ မရှိပါ။ ဒါပေမယ့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်သည်သာ တကယ့် ပညာအစစ်အမှန် ဖြစ်ပါတယ်။
အဲဒီ ကျောင်းသင်ပညာရပ်များကို သင်ကြားခွင် မရခဲ့တဲ့ သူများအတွက်လည်း စိတ်ပျက်အားငယ်ခြင်း မရှိဘဲ ဘွဲ့ရမှ ပညာတတ်ဆိုတဲ့ အတွေးအခေါ်တွေ ကိုလည်း ခေါင်းထဲကနေ ထုတ်ထားကြစေချင်ပါတယ်။ ကျွန်တော်တို့ ယနေ့ခေတ် အသုံးပြုနေကြတဲ့ မီးသီး မီးလင်းလာအောင် တီထွင်ပေးခဲ့သူ သောမတ်စ်အက်ဒီဆင်နဲ့ တခြား ကမ္ဘာကျော် ပုဂ္ဂိုလ်တွေလည်း ကျောင်းစာတော်ခဲ့ ကြသူများ မဟုတ်ပါ။ သူတို့ရဲ့ ဇွဲ၊ လုံလ၊ ၀ိရိယ တို့ကို တတ်သိ နားလည်စွာနဲ့ တန်ဖိုးရှိရှိ လက်တွေ့ အသုံးချ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်တော် ဘာပြောချင်တာလဲဆိုတော့ ခုခေတ် မိဘတွေအများစုက မိမိတို့ရဲ့ သားသမီးများကို အမှတ်တွေအပြည့်နဲ့ အဆင့် နံပါတ် တစ်ကိုရအောင်၊ ထိပ်ဆုံးရောက်အောင်ဆိုပြီး အပြိုင်အဆိုင် ကျောင်းထားကြခြင်း ဖြစ်ပါတယ်။ အဲဒါတွေဟာ ကလေးတွေကို ပုံမှန်ထက်ပိုပြီး အရွယ်နဲ့ မလိုက်အောင် အတင်းရိုက်သွင်း နေကြတာ ဖြစ်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတို့ရဲ့ လွတ်လပ်တဲ့ ဘ၀ကို ဆုံးရှုံးစေပါတယ်။
ကလေးက ကျောင်းက သင်ပေးလိုက်တဲ့ အတိုင်း “ကျွန်တော်၏ အဖေအမည်မှာ ဦးဘ ဖြစ်ပါသည်” ဆိုပြီး အလွတ်ကျက် ပြန်ဆိုနေတဲ့ အဖြစ်မျိုး စာပေဟောပြောပွဲ တစ်ခုမှာ ဆရာအော်ပီကျယ် ဟောပြတာ ကျွန်တော် နားထောင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေ ငယ်စဉ်ကလည်း အဲဒီလိုပါပဲ။ ကြက်တူးရွေး စာကျက်သလို ကျက်ပြီး ပြန်အံ ရွက်ဖတ်နေကြတာ ဖြစ်ပါတယ်။ အဲဒီလို ကျက်တူးရွေး ကျက်ပြီး ပြန်အံ ရွက်နေတာဟာ ကျွန်တော်တို့ရဲ့ ခေါင်းထဲကို ဘာမှ ၀င်မလာတော့ဘူး ဖြစ်နေတယ်။ တကယ်လို့ ဆရာက အဲဒီအထဲက မေးခွန်းလေးတစ်ခု ကောက်မေးလိုက်ရင် အိုးတိုးအတနဲ့ ဘာဖြေရမှန်းမသိ ဘယ်နေရာမှာ ဘာရှိမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ ကိုယ်ပိုင် တွေးခေါ်တတ်တဲ့ဉာဏ် အမှားအမှန်ကို ခွဲခြားတတ်တဲ့ဉာဏ် မရှိတော့ပါဘူး။ အဲဒါတွေကို ခွဲခြားဝေဖန်နိုင်စွမ်းရှိအောင် ပြုလုပ်မှသာ တကယ် တတ်သိ နားလည်တဲ့ ပညာ ဖြစ်လာမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ဖြေဆိုတဲ့အခါ မြန်မာစာစီစာကုံး၊ အင်္ဂလိပ်အက်ဆေးတွေ သင်္ချာပုစ္ဆာတွေကို ကြက်တူးရွေးကျက် ကျက်ပြီး ဖြေဆိုလေ့လာလို့ မရပါဘူး။ ကံကောင်းလို့ ကိုယ်ကျက်ထားတာနဲ့ တိုးရင် တိုးမယ်။ ဒါပေမယ့် ဂုဏ်ထူးမှတ်ကိုတော့ ဘယ်လိုမှ မရနိုင်ပါဘူး။ ကျောင်းသားတစ်ယောက် သင်္ချာတွေကို အလွတ်ကျက်ဖြေရင် မေးခွန်းလွှဲလိုက်တာနဲ့ အဲဒီကလေး ပျာယာခတ်သွားပြီး ဘယ်လိုဆုံးဖြတ်ရမှန်း မသိဖြစ်သွားတတ်ပါတယ်။ အဲဒါဟာ တကယ့်လက်တွေ့ တတ်သိခြင်း မရှိတဲ့အတွက် ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က ကာလာမသုတ်တော်တွင်-
အယူအမျိုးမျိုးရှိကြသော ဆရာကြီးတို့ရဲ့ အယူဝါဒဖြန့်ဝေမှုကြောင့် ဟိုလူပြောတာ ဟုတ်နိုးနိုး၊ ဒီလူပြောတာ ဟုတ်နိုးနိုးဖြစ်နေကြတဲ့ ကာလာမ အမျိုးသားတို့ကို မြတ်စွာဘုရားရှင်က “နားထောင်ကြ ကာလမ အမျိုးသားတို့-
၁။ ကလေးဘ၀မှစ၍ ကြားနာ မှတ်သားခဲ့ရခြင်းဖြင့်လည်း “ဟုတ်တယ်၊ မှန်တယ်” ဟု အစွဲအမြဲမယူကြနှင့်။
၂။ မိဘ၊ ဘိုးဘွားစသည်တို့မှ ဆင်းသက်၍ (ပရံပရ=အဆက်ဆက်) မှတ်ယူလုပ်ကိုင်ရိုး ဖြစ်၍လည်း အစွဲအမြဲ မှတ်ယူမထားနှင့်။
၃။ “ဣတိကိရ=ဒီဟာကဒီလိုတဲ့” ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲအစွဲ မှတ်ယူမထားကြနှင့်။
၎။ “ဒီအယူအဆသာ ငါတို့ သင်အပ်သော ကျမ်းစာနှင့်ညီတယ်” ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံမျှဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။
၅။ မိမိဘာသာ ကြံစည်အပ်သောအရာကိုလည်း “ဟုတ်လှပြီ၊ မှန်လှပြီ” ဟု အမြဲအစွဲ ယူမထားကြနှင့်။
၆။ အခြားနေရာ (အခြားနိုင်ငံ) တို့၌ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း ဤနေရာ၌ သင့်တော်လှပြီဟု အမြဲအစွဲယူမထားကြနှင့်။
၇။ တစ်စုံတစ်ခုပြုဖို့ရန် အကြောင်းအထောက်အထားကို စဉ်းစားရာဝယ် အထောက်အထားကောင်းကိုရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲမယူကြနှင့်။
၈။ “သူပြောအပ်သော အယူဝါဒသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့် ညီမျှပေသည်ဟု အယူဝါဒချင်း တူမျှယုံဖြင့်လည်း အမြဲအစွဲမယူကြနှင့်။
၉။ “ဤရသေ့၊ ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်းစား ပုဂ္ဂိုလ်တည်း၊ ဒီလိုပုဂ္ဂိုလ်၏ စကားကို လေးလေးစားစား မှတ်သားထိုက်သည်ဟု” လည်းစွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။
၁၀။ “ဤရသေ့ ရဟန်းကား ငါတို့ ကိုးကွယ်အပ်သော ဆရာဖြစ်၏။ ငါ့ဆရာစကားကို ငါမှတ်သားသင့်သည်” ဟု လည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။
ကာလမအမျိုးသားတို့၊ “ဤအကျင့်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိကဲ့ရဲ့ စကားလည်းဖြစ်၏။ ထိုအကျင့် အကြံအလုပ်အကိုင်ကို ပြုလိုက်လျှင် စီးပွားမဲ့ ဒုက္ခရောက်ဖို့ ဖြစ်၏” ဟု ကိုယ်တိုင် နားလည်လာသောအခါ ထိုအကျင့်၊ ထိုအပြုအမူများကို စွန့်လိုက်ကြ။ “စီးပွားတိုးတက်၍ သုခရဖို့ အကျင့်များဟု ကိုယ်တိုင် နားလည်ထားသော အကျင့်အကြံ အပြုအမူများကိုသာ လိုက်နာပြုကျင့်ကြဟု ဟောကြားတော်မူခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်တို့တတွေဟာ အမှားအမှန်ကို ကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်တဲ့ သူတွေဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ဒါမှသာ တကယ့် ပညာအစစ်မှန်ကို တတ်မြောက်သော အများယုံကြည် လေးစားရသော ပညာတတ်တစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ်။
လိုအပ်ချက်နှင့် အမှားများရှိပါက ခွင့်လွှတ်နားလည်ပေးကြပါရန်…
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Tuesday, 31 May 2011
*ကြယ်ပွင့်လေးများနားခိုးရာ ကမ္ဘာအတွက် အလှူမှတ်တမ်း*
တို့ကျောင်း
ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း။
ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရသော ကဗျာလေးဖြစ်ပါတယ်။ ကျွန်တော် သူငယ်တန်းလေးမှ လေးတန်းအောင်သည်အထိ ရွာရှိ မူလတန်းကျောင်းလေးတွင် ပညာဆည်းပူးခဲ့ပြီး၊ ငါးတန်းမှ ကိုးတန်းအထိ ပညာရပ်များကို ရွာမှ နာရီဝက်လောက်သွားရသော တွဲဖက် အထက်တန်းကျောင်းနှင့် တက္ကသိုလ်ဝင်တန်းကိုတော့ အ.ထ.က မြန်အောင်တွင် ဆည်းပူးခဲ့ပါတယ်။ အလယ်တန်းပညာ ဆည်းပူးခဲ့သော တွဲဖက်အထက်တန်းကျောင်းသည် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် ယခုအခါ အထက်တန်းကျောင်းအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ကျွန်တော် ငယ်ငယ်တုန်းက တက်ခဲ့ရသော ရွာမှ မူလတန်းကျောင်းလေးသည် ဓနိသက်ကယ်မိုး ၀ါးထရံကာ ကျောင်းလေး ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ၏ ကူညီထောက်ပံ့ပေးမှုနှင့် ရပ်မိရပ်ဖဖြစ်သော ဦးထွန်းမြိုင်ဦးဆောင်ပြီး ရွာသူရွာသားများ၏ ၀ိုင်းဝန်းကြိုးပမ်းမှုကြောင့် ထိုကျောင်းလေးသည် ယခုအခါ သွပ်မိုး၊ အုတ်ပတ်ကားနှင့် ခန့်ညားထယ်ဝါလာပါပြီ။ သွပ်မိုး၊ ပတ်ကားအဆင့်ရောက်ပြီးသော်လည်း ကျောင်းလေးသည် တံခါးနှင့် အောက်ခြေအခင်းတွေ လိုအပ်ချက်လေးများကြောင့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ကျွန်တော်၏ ပထမဆုံး ရွာအတွက် ခြေလှမ်းတစ်ခုလို့ ပြောလို့ရသလို ကျွန်တော်စိတ်ထဲတွင်လည်း အဲဒီ လိုအပ်တာလေးများအတွက် ကူညီပေးချင်သော စိတ်များတဖွားဖွား ဖြစ်ပေါ်လာသဖြင့် ပြည်ပတွင် ရှိနေစဉ် သူငယ်ချင်း အသိမိတ်ဆွေများထံမှ အလှူငွေများ ကောက်ခံရန်အတွက် အွန်လိုင်းတွင် အန်တီနှင့် ဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ သူငယ်ချင်းများနှင့် ကျွန်တော် ဘလော့လေးကို လာရောက်အားပေးကြသော ရင်းနှီးသည့် ဓမ္မမိတ်ဆွေများမှလည်း စေတနာ သဒ္ဓါတရားထက်သန်စွာ ကျွန်တော်ကို ယုံကြည်စိတ်ချစွာဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။ အန်တီတို့မိသားစုမှလည်း အဓိက အလှူငွေများကို ကောက်ခံပြီး ကျွန်တော်ရွာလေးကို ငွေလွဲတဲ့အထိ ကူညီဆောင်ရွက်ပေးကြပါတယ်။ တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ရိုးသားစွာ စိတ်ရင်းဖြင့် လုပ်ဆောင်ကြရင် အရာရာတိုင်းဟာ အောင်မြင်ပါတယ်။ အဲဒီလို အောင်မြင်တဲ့ အသီးအပွင့် ချိုမြိန်စွာ စားသုံးရခြင်းကို ကျွန်တော် အောက်တွင်ဖော်ပြထားတဲ့ စေတနာရှင် အလှူရှင်တွေ၏ စေတနာသဒ္ဓါတရားတွေက သက်သေခံနေပါတယ်။
ပထမအကြိမ် အလှူငွေစာရင်း
တံခါးအလှူရှင်များ
အလှူရှင်အမည် နေရပ်လိပ်စာ အလှူငွေစာရင်း
၁။ဦးကျော်ကျော်ဌေးလွင် + ဒေါ်သဉ္ဗာလှိုင် မိသားစု ရန်ကုန် ကျပ် ၁၀၀,၀၀၀
၂။ဦးသိန်းလွင် နှင့် ဇနီး ဒေါ်တင့်တင့်သိန်း မိသားစု ရန်ကုန် ကျပ် ၅၀,၀၀၀
၃။ဦးမင်းသော် + ဒေါ်စန္ဒာခင် မိသားစု ရန်ကုန် ကျပ် ၃၀,၀၀၀
၎။(မောင်ဖြိုးကျော်မင်းအားရည်စူး၍)
ဦးကျော်မင်း + ဒေါ်ရီရီသော် မိသားစု ရန်ကုန် ကျပ် ၂၀,၀၀၀
၅။ဒေါ်ကြည်ကြည်သော် မိသားစု ရန်ကုန် ကျပ် ၁၀,၀၀၀
၆။ ဦးခင်မောင်မြင့် + ဒေါ်နီနီသော် မိသားစု ရန်ကုန် ကျပ် ၁၀,၀၀၀
၇။ဦးရဲဆွေ + ဒေါ်ဝါဝါမြင့် မိသားစု ရန်ကုန် ကျပ် ၁၀,၀၀၀
၈။ဦးလင်း + ဒေါ်မြမြသိန်း မိသားစု စင်ကာပူ ကျပ် ၅,၀၀၀
၉။ဆရာ Jan Krogstad (Norway) ကို အမှူးထား၍
မမွန် နော်ဝေ ကျပ် ၅၀,၀၀၀
၁၀။ ဦးခင်မောင်သန်း + ဒေါ်ချိုချိုသိန်း မိသားစု ရန်ကုန် ကျပ် ၅,၀၀၀
စုစုပေါင်း ကျပ် ၃၁၀,၆၀၀ (ကျပ် သုံးသိန်းတစ်သောင်းခြောက်ရာတိတိ) လွှဲပြီး ၂၇-၄-၂၀၁၁
ကျောက်ပြားခင်းရန်အတွက် အလှူရှင်များ
၁။ဦးလှဖေ+ဒေါ်ကြည်သန်း မိသားစုကောင်းမှု စင်ကာပူ ကျပ် ၁၀၀,၀၀၀
၂။သဇင်ရတနာစိန်ဆိုင် ရန်ကုန် ကျပ် ၅၀,၀၀၀
၃။ဦးသက်လွင် + ဒေါ်ယဉ်ယဉ်ညွန့် မိသားစု ရန်ကုန် ကျပ် ၃၀,၀၀၀
၎။ဒေါ်မိမိခင် ရန်ကုန် ကျပ် ၃၀,၀၀၀
၅။မဆုကဗျာ မိသားစု ရန်ကုန် ကျပ် ၃၀,၀၀၀
၆။ဦးဇော်ဝင်းညွန့်+ဒေါ်နေဝါလှိုင် စင်ကာပူ ကျပ် ၂၀,၀၀၀
၇။မရွှေပြည်သူ စင်ကာပူ စင်ကာပူဒေါ်လာ SGD 30.00
၈။ဦးပြည်နိုင် + ဒေါ်စုမွန်မြင့် သြစတြေးလျ ကျပ် ၁၀,၀၀၀
၉။ဒေါ်ထွေးထွေး ရန်ကုန် ကျပ် ၁၀,၀၀၀
၁၀။ ဦးသန်းဌေး + ဒေါ်လှသူဇာ ရန်ကုန် ကျပ် ၅၀၀၀
စုစုပေါင်း ကျပ် ၂၈၅,၀၀၀ (နှစ်သိန်းရှစ်သောင်းငါးထောင်ကျပ်တိတိ) လွှဲပြီး ၂၈-၄-၂၀၁၁
ဒုတိယအကြိမ် အလှူငွေစာရင်း
၁။မောင်ပြည့်ဖြိုးမြတ် + မဟေမန်ဦး စင်္ကာပူ ကျပ် ၄၁,၀၀၀
၂။ ဦးဇော်မင်းနိုင်+ဒေါ်မြတ်သူဇာ မိသားစုကောင်းမှု စင်္ကာပူ ကျပ် ၁၀၀,၀၀၀
၃။မရီရီမွန် မိသားစု မန္တလေး ကျပ် ၂၀,၀၀၀
၎။မကျော့စန္ဒာမြင့် ရန်ကုန် ကျပ် ၁၀,၀၀၀
၅။ကွယ်လွန်သူ ဦးတင်စော အားရည်စူး၍
ကျန်ရစ်သူမိသားစု ကောင်းမှု မြန်အောင်မြို့ ကျပ် ၂၅,၀၀၀
စုစုပေါင်း ကျပ် ၁၉၆,၀၀၀ တိတိ လွှဲပြီး (၂၄-၅-၂၀၁၁)
စေတနာရှင်များ၏ အကူအညီဖြင့် အခုဆိုရင် အလှူငွေ(၃) ကြိမ်လွဲပြီး ရွာတွင် လုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကျွန်တော် ပြန်လည်ရောက်ရှိတာနဲ့ အလှူရှင်များဆီကို အလှူမှတ်တမ်းများကိုလည်း အရောက်ပို့ပေးမှာဖြစ်ပါတယ်။ အားလုံးပြီးစီးသွားပါကလည်း အလှူရှင်များ ၀မ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ရန်အတွက် မှတ်တမ်းဓါတ်ပုံများ ငွေစာရင်းရှင်းတမ်းများကို ကျွန်တော် မြန်မာရောက်တာနဲ့ ကြိုးစားပြီး ပိုစ်တင်ပေးပါမယ်ခင်ဗျာ။
ဆရာဦးအောင်သင်းမှ ပညာသင်ယူခြင်းဆိုသည်မှာ လူသားမျိုးဆက်တစ်ခုမှ တစ်ခုသို့ အတွေ့အကြုံ လက်ဆင့်ကမ်းခြင်း ဖြစ်သည်ဟု ဆိုထားပါတယ်။ အဲဒီမျိုးဆက်သစ် လူငယ်ကျောင်းသား အနာဂတ်ကြယ်ပွင့်လေးများဟာ နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ရတနာလေးများ ဖြစ်ပါတယ်။ အဲဒီရတနာလေးများ နာခိုးရာ ကမ္ဘာဟာလည်း အမိကျောင်းတော်ရာဖြစ်ပြီး အဲဒီကမ္ဘာကို ဖန်တီးပေးခြင်းဖြင့် လောကကြီးက သင်တို့အားလုံးကို ချီးကူးထောမနာ ပြုနေကြမည်ဖြစ်ပါတယ်။ သစ်ရွက်လေးတွေဟာ မကြွေခင်မှာ လောကကို အလှဆင်သလိုပဲ ကျွန်တော်တို့လည်း မကြွေခင် ဝေနေစဉ်ခဏမှာ လောကကို အလှဆင်နိုင်သော အဖိုးတန် လူသားများဖြစ်အောင် ကြိုးစားကြပါဆို့လို့ ဆုတောင်းမေတ္တာပို့ရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
ရပ်မိရပ်ဖ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ ရွာသူ ရွာသား ကျောင်းသား ကျောင်းသူများကိုယ်စား ကျွန်တော် တောသားလေးမှ အန်တီတို့ မိသားစုနှင့် အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီပိုစ်လေးနှင့် မှတ်တမ်းတင် အပ်ပါတယ်ခင်ဗျာ။
(နောက်ဆက်တွဲ အလှူရှင်များကိုလည်း ဆက်လက်ဖော်ပြပေးပါမည်…)
အလှူရှင်များအနေဖြင့် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းလိုပါက-
ဆက်သွယ်လှူဒါန်းရန်-
တောသားလေး (tezarmma29@gmail.com)
အန်တီတင့် (mstint2005@gmail.com)
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Sunday, 29 May 2011
*ဆရာ့ဘ၀ ဆရာ့အလှ*
“တပည့်မရှား၊ တပြားမရှိ၊ ပီတိကိုစား အားရှိ၏”
အဲဒီဆောင်ပုဒ်လေး တကယ်ပဲဗျာ။ ကျွန်တော်ကြည်နူးခဲ့ရတယ်။ ကျွန်တော် ကိုယ်တိုင်ခံစားဖူးတာ။ ရွာကျောင်းမှာ မူလတန်းကလေးတွေကို စာသင်ပေးတော့ ကလေးတွေက ကျွန်တော့်ကို ဆရာလေး ဆရာလေး လို့ခေါ်တယ်။ ဆရာလေးဆိုလို့ သီလရှင်ကို ပြောတာမဟုတ်ဘူးနော်:)။
ဆရာတစ်ယောက်ဖြစ်ဖို့အတွက် စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာ လိုအပ်ပါတယ်။ ဆရာဘ၀ဟာ ရုပ်ဝတ္တုပစ္စည်းတွေ မချမ်းသာပေမယ့် စိတ်အဟာရတွေကတော့ တကယ့်ကိုပြည့်စုံ ကြွယ်ဝလှပါတယ်။ ကိုယ်သင်ကြားပြသပေးလိုက်သော အနာဂတ်မှာ ထွန်းတောက်လာမည့် ကြယ်လေးတွေကို ပြုစုပျိုးထောင်ပေးနေရတဲ့ ဥယျာဉ်မှူးတစ်ယောက်ဖြစ်ဖို့ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုးနဲ့တော့ ဆရာ့ဘ၀ဟာ မလှပပါဘူး။
ဆရာများဟာ ကိုယ့်ရဲ့တပည့်ကို ဆရာစားမချန်ဘဲ သင်ကြားပေးပြီး ကိုယ့်တပည့်ကို ကိုယ်ထက်တော်စေချင် တတ်စေချင် သာစေချင်ပါတယ်။ ငါသင်လိုက်တဲ့ ငါရဲ့တပည့်က စစ်ဗိုလ်ကြီးဖြစ်နေပြီ၊ ဆရာဝန်ကြီးဖြစ်နေပြီ၊ အင်ဂျင်နီယာကြီးဖြစ်နေပြီ၊ စီးပွားရေးလုပ်ငန်းမှာလည်း ထူးချွန်အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်နေပြီဆို ဆရာရင်ထဲမှာ အတိုင်းမသိ ကြည်နှုးဝမ်းသာပြီး ပီတိဖြစ်ရပါတယ်။ ဥယျာဉ်မှူးတစ်ယောက်ဟာ သူပြုစုပျိုးထောင်ပေးလိုက်တဲ့ ပန်းလေးတွေ ပွင့်လန်းလာရင် ကြည်နူးသလိုပဲ ဆရာ့ရင်ထဲမှာလည်း ခံစားရပါတယ်။
ကျွန်ုပ်တို့ မြန်မာလူမျိုးများက အစဉ်အလာအရ ဆရာကို အနန္တော အနန္တငါးပါးထဲမှာ ထည့်သွင်းထားပြီး အလေးပေး ထားကြခြင်း ဖြစ်ပါတယ်။ ဘာ့ကြောင့် အလေးပေးခံသူအဖြစ် မြန်မာလူမျိုးတို့၏ ရင်ထဲမှာ ရှိနေသလဲ ဆိုရင် မြတ်စွာဘုရားရှင်က ဆရာဖြစ်ဖို့အတွက်လည်း ဆရာကျင့်ဝတ် သို့မဟုတ် ဆရာ့ ဂုဏ်ရည် ငါးပါးကို
“အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့ဆရာတို့ကျင့်ဖို့ဝတ်ငါးဖြာ” လို့ ဟောကြားထားခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဆရာဆိုတာ အမြဲတမ်း သင်ယူလေ့လာနေရသော ထာဝရ တပည့်ကျောင်းသားကြီး တစ်ယောက်လည်း ဖြစ်ပါတယ်။
ဆရာတွေထဲမှာပဲ ဆရာတစ်ဆူ ဖြစ်တော်မူသော လေးစားအတုယူဖွယ်ကောင်းသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မြတ်စွာဘုရားရှင် သာသနာတော်မှာ မြတ်စွာဘုရားရှင်ပြီးလျှင် ပညာအရာမှာ ဉာဏ်ပညာ အကြီးမားဆုံး မထေရ်မြတ်တစ်ပါးဖြစ်ပါတယ်။ သာမဏေငယ်လေးများ၏ ချစ်ခင်မြတ်နိုးအားကိုးထိုက်တဲ့ ဥပဇ္ဈာယ် ဆရာတစ်ဦးလည်းဖြစ်ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ သမာဓိ ပညာ ဂုဏ်သိက္ခာ ကြီးကျယ်မြင့်မားတော်မူသလောက် မိမိကိုယ်ကို မိမိ နှိမ်ချမှု (နိဝါတမင်္ဂလာ) စိတ်နေသဘောထားကြီးမြတ်မှုမှာလည်း အင်မတန် ကျယ်ဝန်း နက်ရှိုင်းတော်မူလှပါတယ်။ အထင်ရှားဆုံး သာဓကလေးတစ်ခုအဖြစ် အရှင်သာရိပုတ္တရာမထေရ်ဟာ တစ်နေ့မှာ အမှတ်တမဲ့ သင်္ကန်းဝတ်ရုံတော်မူတဲ့ခါ သင်္ကန်းအစွန်းအနားက မညီမညာ ဖြစ်နေပါတယ်။ အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါး (ရှင်ရာဟုလာ) က မြင်တွေ့သွားရာ "အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ၀တ်ရုံသင့်ပါတယ်ဘုရား"လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ "ဒီလောက်ဆို သင့်တော်ပါပြီလား"လို့ ဆရာအရာမှာထားပြီး တလေးတစား တုံ့ပြန်တော်မူခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ အရှင်သာရိပုတ္တရာမထေရ်မြတ်က နောင်တစ်ချိန်မှာ ယခုလို ဥဒါန်းကျူးရင့်ကာ "ဒီနေ့မှာပဲ သာမဏေ ဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည့်ဖြစ်စေ သူတော်ကောင်းတွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှားကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်"လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ဒါဟာဘာလဲဆိုရင် ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့ရသော အသီးအောင်တဲ့ စပါးနှံဟာ အောက်ကို ကိုင်းညွတ်ပြီး မအောင်မြင်တဲ့ စပါးနှံကတော့ အလေ့အလွင့်တွေပါတော့ အပေါ်ကို ထောင်တတ်နေတဲ့ စပါးနှံဥပမာလေးလိုပဲဖြစ်ပါတယ်။ သူတော်ကောင်းတွေရဲ့ နှလုံးသားဟာ အမြဲတမ်းနူးညံ့ပြီး ၀ါးရုံပင်မြင့်မြင့်ကြီးတွေလိုပဲ အထက်ကိုပိုမြင့်မားလာလေ အောက်ကို ပိုပြီးတော့ ကိုင်းညွတ်လာလေပဲ ဖြစ်ပါတယ်။
ဆရာတွေဟာ ဘယ်ကျောင်းသားမဆို အဆင့်အတန်းမရွေး ဆိုးသူကို လိမ္မာလာအောင်၊ လိမ္မာသူကို ထူးချွန်ထက်မြက်လာအောင် အမြဲတမ်းမျက်ခြေမပြတ် အကဲခတ် သင်ကြားပေးနေသူတွေဖြစ်တဲ့အတွက် မိဘတွေပြီးရင် ဒုတိယ ဘ၀ကို ပဲ့ကိုင် ထိန်းကျောင်း ပေးနေတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာအနေနဲ့ ဒီကျောင်းသားကတော်တယ် ဒီကျောင်းသားက ညံ့တယ်ဆိုပြီး ခွဲခြားဆက်ဆံနေရင်လည်း ညံ့တဲ့ကျောင်းသား တစ်ယောက်အတွက် ထူးချွန်လာချင်သော စိတ်ဓါတ်ပျောက်ပြီး စိတ်ဒဏ်ရာ အနာကို ပေးမိသလို ဖြစ်တတ်ပါတယ်။ ပုထုဇဉ် လူသားတွေဖြစ်တဲ့အတွက် ကျွန်တော် ကိုယ်တိုင် မူလတန်းမှာ ကလေးတွေကို သင်တုန်းက အိမ်စာလုပ်ခိုင်းတာ လုပ်မလာရင် စိတ်တိုမိတတ်တယ်။ စိတ်တိုလာရင် ပြောဆိုဆူပူမိပါတယ်။ ဒါဟာ ကိုယ့်အတွက်မဟုတ်ဘဲ။ သူတို့လေးတွေရဲ့ ဘ၀လမ်းခရီး ဖြောင့်ဖြူးဖို့အတွက်ပဲ ဖြစ်ပါတယ်။ စာတော်တဲ့သူတွေလည်းရှိပါတယ်။ ခုန အိမ်စာမလုပ်တဲ့ ကလေးကို ပစ်ထားလိုက်ရင် ကလေးရဲ့ဘ၀ဟာ မြောင်းထဲ ရောက်သွားမှာဘဲ။ သူမိသားစု အခက်အခဲကြောင့် လမ်းဆုံးမရောက်ခဲ့ရင်တောင်မှ ကျင်လည်ရသော ပတ်ဝန်းကျင်မှာ အကောင်းဆုံး ဖြတ်သန်းနိုင်အောင်တော့ သင်ကြားပေးရမှာပဲဖြစ်ပါတယ်။
ထူးချွန်ထက်မြတ်သော သူတစ်ယောက်ကို မွေးထုတ်ပေးဖို့အတွက် ဆရာတစ်ယောက်တည်းလည်း မရပါဘူး။ မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်း ဆိုတဲ့ ဆောင်ပုဒ်လေးလည်း ရှိပါတယ်။ သုံးနာညီတြိဂံလိုပေါ့ဗျာ။ ညီညီညာညာ ဆွဲထားမှ ကြည့်လို့လှမှာပေါ့။ ထို့ကြောင့် ကျောင်းသားတစ်ယောက်ဟာ ဘယ်ကျောင်းမှာတက်တက် ဘယ်ဆရာနဲ့ပဲ သင်ရသင်ရ ကိုယ်ကိုတိုင်က ကြိုးစားချင်တဲ့စိတ် မရှိဘဲနဲ့တော့ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီလို စိတ်ဓါတ်မျိုးရှိလာတဲ့ကလေးကို ဆရာသမားများကလည်း စေတနာအပြည့်နှင့် မိဘများကလည်း လိုအပ်တာများကို ဖြည့်ဆည်းပေးနိုင်ရင် အောင်မြင်ထူးချွန်သော အနာဂတ်ပန်းကောင်းလေးများ ပွင့်လန်းလာမှာ ဖြစ်ပါတယ်။
ထို့ကြောင့် တြိဂံလေး အနားညီအောင် ဥယျာဉ်ထဲမှ ပန်းကလေးများ လှပစွာ ပွင့်လန်းလာအောင် ဥယျာဉ်မှူးဖြစ်သော မိဘနဲ့ဆရာပူးပေါင်းပြီး ဆရာဘ၀ အလှအပမပျက်အောင် လက်တွဲညီညာ ကြိုးစားကြမည်ဆိုပါရင်ဖြင့် စန္ဒကူးပန်းလေးတွေ၏ ရနံ့လေထဲသင်းပျံ့သလို ဆရာရနံ့တွေလည်း ကမ္ဘာတခွင် သင်းပျံ့မွေးကြိုင်နေမည်ဖြစ်ပါကြောင်း ပြောကြားရင်း ကျွန်တော်ပိုစ်လေးကို နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
လိုအပ်တဲ့အမှားလေးများရှိပါက နားလည်ခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပွင့်သောပန်းတိုင်း လန်းဆန်းပြီး ထာဝရ သင်းပျံ့ကြပါစေ။
တောသားလေး

Friday, 27 May 2011
*မိသားစုထံပေးစာ…*
ကျွန်တော် ဒီရက်ပိုင်း စာတမ်းဖတ်ဖို့ ပြင်ဆင်နေတာနဲ့ သူငယ်ချင်းတွေဆီ အလည်မရောက်နိုင်ခဲ့သလို ကိုယ်တိုင်လည်း ပိုစ်တွေရေးခြင်း အဆက်ပြတ်သွားခြင်း ဖြစ်ပါတယ်။ 27.5.2011 ရက်နေ့ကတော့ ကျွန်တော်၏ စာတမ်းဖတ်ခြင်း နောက်ဆုံးကမ္မ အဆုံးသတ်သွားပြီ ဖြစ်တဲ့အတွက် ဆရာတော် ဦးဇောတိက ဟောကြားသလိုမျိုး ဘ၀ကျောင်းကို ဆက်လက်တက်ရအုံးမှာ ဖြစ်ပါတယ်။
ကျွန်တော်အခုလို နောက်ဆုံးစာမေးပွဲပြီးတော့ အိမ်ကို လွမ်းမိပါတယ်။ အဲဒီလို လွမ်းတဲ့စိတ်နဲ့ ကျွန်တော့်အတွက် အမှတ်တရလေးလည်း ဖြစ်သွားအောင်၊ အိမ်ကိုလည်းအလွမ်းပြေအောင်ဆိုပြီး မိသားစုထံပေးစာလေး တစ်ပုဒ် ရေးလိုက်မိပါတယ်။ စာမေးပွဲတွေပြီးတိုင်း ကျွန်တော် အမြဲတမ်း ကျွန်တော်၏ မွေးရပ်မြေ ကျေးလက်တောရွာလေးကို ပြန်သွားတတ်ပါတယ်။ အဲဒီလို ပြန်သွားတဲ့အခါ နွေးထွေးပြီး အေးမြတဲ့ မိသားစု အရိပ်အောက်မှာ ခိုဝင်နားနေလိုက်ခြင်းဖြင့် ဘ၀ရဲ့အမောတွေကို ဖြေသိမ့်မိပါတယ်။ ဒီပိုစ်လေးကို ရေးနေတဲ့အချိန်မှာတော့ အခန်းကျဉ်းလေးထဲမှာဘဲ မိသားစုဗလာ ကွန်ပူတာတစ်လုံးဖြင့် စာမေးပွဲနောက်ဆုံးညကို ဖြတ်သန်းနေရပါတယ်။ အဖေနှင့် အမေ သားအောင်မြင်ခဲ့ပါပြီ။ မကြာမီ အချိန်မှာ ကျွန်တော်ချစ်သော အမိမြေမှ နွေးထွေးအေးမြသော ကမ်းလက်များဖြင့် ကြိုဆိုနေမည့် မိသားစု၏ ပျော်ရွှင်မဆုံး ပီတီအပြုံးတွေကို ကျွန်တော်မြင်ယောင်ပြီး ပျော်ရွင်နေမိပါတယ်။
အဖေနှင့်အမေ… ကျွန်တော် ဒီနေရာလေးမှာ အလျဉ်းသင့်တိုက်ဆိုင်ပါသဖြင့် မြတ်စွာဘုရားရှင် ဟောကြားတော် မူခဲ့သော သားသုံးမျိုးဖြင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ် အတွေးနယ်ချဲ့မိပါတယ်။ မြတ်စွာဘုရားရှင်က အတိဇာတသား၊ အနုဇာတသား၊ အ၀ဇာတသား ဆိုပြီး သားသမီး သုံးမျိုးရှိတယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။
မိဘတို့ထက် အကျင့်မြတ်တဲ့ သား၊သမီးမျိုးကို အတိဇာတသား လို့ခေါ်ပြီး၊ မိဘတို့နဲ့တန်းတူ ညီမျှတဲ့အကျင့်ရှိတဲ့ သား၊သမီးမျိုးကို အနုဇာတသား လို့ခေါ်ပြီး၊ မိဘတို့အောက် ယုတ်ညံ့တဲ့အကျင့်ရှိတဲ့ သားဆိုး သားမိုက်မျိုးကိုတော့ အ၀ဇာတသား လို့ခေါ်ပါတယ်။
ကျွန်တော်ဟာ သားဆိုးသားမိုက်မျိုး မဟုတ်ပေမယ့် အဖေ၊အမေတို့ထက် အတွေးအခေါ် အတွေ့အကြုံ မပြည့်စုံသေးသဖြင့် အတိဇာတ အနုဇာတ သားအဖြစ် လက်မခံနိုင်သေးဘဲ ရေမပြည့်သေးသော အိုးတစ်လုံးအဖြစ်ဘဲ သတ်မှတ်မိပါတယ်။ ဘ၀ဆိုတဲ့ကျောင်းကို ဆက်လက်ပြီးတက်ရအုံးမှာ ဖြစ်တဲ့အတွက် ကျောင်းသင်ခန်းစာထက် ခက်ခဲသော ဘ၀သင်ခန်းစာများကို အဖေ၊အမေတို့ထံမှ လေ့လာသင်ယြူုပီး အမြဲတမ်းသင်ယူနေသည့် ထာဝရ တပည့်တစ်ယောက်အဖြစ် မပြည့်သေးသော ရေအိုးကို ရေဖြည့်ရအုံးမည် ဖြစ်ပါတယ်။ မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်တတ်တယ် ဆိုတဲ့ စကားပုံလေးတော့ ရှိပါတယ်။ မြတ်စွာဘုရားရှင်က-
အပ္ပဿုတော သုတံ အပ္ပံ
ဗဟုံ မညတိ မာန၀ါ။
အသိဥာဏ်နည်းပါးသူသည် မိမိသိသမျှလေးကို အများကြီးထင်၍ မာန်တက်နေသည်လို့လည်း ဟောကြားတော်မူခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီ“အိုး”လိုမျိုး ဘောင်ဘင်မခတ်ရအောင် ကိုယ်စိတ်ကိုယ် သတိဆိုတဲ့ ချွန်းနဲ့ ထိန်းချုပ်ထားပါတယ်။ ကျွန်တော် ရွာကို ဖုန်းဆက်ရင် ရွာမှာအမြဲမနေတာကြာတော့ တချို့သူတွေကို နာမည်တွေ မမှတ်မိဖြစ်သွားရင် ကျွန်တော့်ကို ဘ၀င်လေဟတ်ပြီး ဘ၀မေ့သွားတာလားလို့ မေးတတ်တယ်။ ကျွန်တော် တောသားလေး ဘ၀မမေ့ပါ။ နွားခြေရာခွက်ထဲက ရေလေးကို သမုဒ္ဒရာထင်မှတ်ပြီး လက်ပစ်မကူးခတ်ပါဘူး အဖေနှင့်အမေ…
အဖေနှင့်အမေ… ဒီစာထဲမှာ တခါတည်း ကျွန်တော် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ကြောင်လေး ထည့်ရေးလိုက်ပါတယ်။ ကျွန်တော် မိသားစုနှင့် ဝေးကွာနေတဲ့အချိန်မှာ ဆရာတော်များ၏ဆုံးမသွန်သင်မှု၊ သူငယ်ချင်းအားလုံး၏ အားပေးမှု၊ အန်တီတင့်၏ သားများနှင့်မခြား သားအရင်းတစ်ယောက်လို အမြဲလိုအပ်တာများကို ဆုံးမသွန်သင် ကူညီဖေးမမှုများ၊ မူလတန်းကျောင်းသားဘ၀မှ ယခုတက္ကသိုလ်ပညာအထိ သင်ကြားပေးခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆရာသမားများအားလုံး၏ သင်ကြားပြသဆုံးမမှုများ၊ သုံးနှစ်တာကာလအတွင်း လက်တွဲဖြတ်သန်းခဲ့သော မေဂျာတူညီအကိုများ၊ ဆူပါဗိုက်ဆာတူ အကို၏ ဆုံးမလမ်းညွန်မှုများ၊ အမြဲတမ်း အားပေးတတ်သော ကျွန်တော်၏ အားပေးဖော် အချစ်ဆုံးသူငယ်ချင်း၏ အားပေးမှုများကိုလည်း အထူးပင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ ပြီးတော့ ကျွန်တော်၏ ဘလော့ကို ပိုစ်အသစ်မတင်နိုင်သေးလည်း လာရောက်မေးမြန်း အားပေးကြသော စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေ စာဖတ်သူ သူငယ်ချင်းများ ကျွန်တော်၏ စိတ်ကူးတည့်ရာ ရေးချင်ရာ ရေးချမိသော မိသားစုထံ အလွမ်းပြေ ပိုစ်လေးမှာ အဆင်မပြေတာ အမှားများရှိပါက ခွင့်လွတ်နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အောင်မြင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
တောသားလေး

Saturday, 21 May 2011
*သုံးဆယ့်နှစ်ကောဌာသ*
သုံးဆယ့်နှစ်ကောဌာသ ဆိုသည်မှာ စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်၊ မနှစ်မြို့ဖွယ်၏ အစွမ်းအားဖြင့် နှလုံးသွင်းရန် ဗုဒ္ဓမြတ်စွာ ဟောကြားထားသော ကမ္မဌာန်းတရားဖြစ်သည်။ ဤ သုံးဆယ့်နှစ်ကောဌာသသည် ကာယဂတာသတိကမ္မဌာန်းပင် ဖြစ်ပါသည်။
သုံးဆယ့်နှစ်ကောဌာသပါဠိ
အတ္ထိ ဣမသ္မိံကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊ အဌိ၊ အဌိမိဉ္ဖံ၊ ၀က္ကံ၊ ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ၊ အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ၊ ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ၊ အဿု၊ ၀သာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တန္တိ။
(၁) ကေသာ = ဆံပင်
(၂) လောမာ = အမွှေး
(၃) နခါ = ခြေသည်း လက်သည်း
(၄) ဒန္တာ = သွား
(၅) တစော = အရေထူ အရေပါး
(၆) မံသံ = အသား
(၇) နှာရု = အကြော
(၈) အဌိ = အရိုး
(၉) အဌိမိဉ္ဖံ = ရိုးတွင်းခြင်ဆီ
(၁၀) ၀က္ကံ = အညှို့
(၁၁) ဟဒယံ = နှလုံး
(၁၂) ယကနံ = အသည်း
(၁၃) ကိလောမကံ = အမြှေး
(၁၄) ပိဟကံ = အဖျဉ်း(သရက်ရွက်)
(၁၅) ပပ္ဖါသံ = အဆုတ်
(၁၆) အန္တံ = အူမ
(၁၇) အန္တဂုဏံ = အူသိမ်
(၁၈) ဥဒရိယံ = အစာသစ်
(၁၉) ကရီသံ = အစာဟောင်း
(၂၀) မတ္ထလုင်္ဂံ = ဦးနှောက်
(၂၁) ပိတ္တံ = သည်းခြေ
(၂၂) သေမှံ = သလိပ်
(၂၃) ပုဗ္ဗော = ပြည်
(၂၄) လောဟိတံ = သွေး
(၂၅) သေဒေါ = ချွေး
(၂၆) မေဒေါ = အဆီခဲ
(၂၇) အဿု = မျက်ရည်
(၂၈) ၀သာ = ဆီကြည်
(၂၉) ခေဠော = တံတွေး
(၃၀) သိင်္ဃာဏိကာ = နှပ်
(၃၁) လသိကာ = အစေး
(၃၂) မုတ္တိန္တိ = ကျင်ငယ်
လူသတ္တ၀ါတစ်ဦး၏ ကိုယ်ကာယကို ခွဲစိတ်လေ့လာကြည့်လျှင်-
ခြေဖ၀ါးမှစ၍အထက်၊ ဆံဖျားမှစ၍အောက်၊ အရေပါးမှစ၍ ဖီလာပတ်ဝန်းကျင်ဟူသော ဤမျှအတိုင်းအရှည်ရှိသော တစ်လံမျှလောက်သော ကိုယ်ထဲ၌နည်းပေါင်းစုံဖြင့် စူးစမ်းရှာဖွေသော်လည်း တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ခုသော ပုလဲကိုသော်လည်းကောင်း၊ ပတ္တမြားကိုသော်လည်းကောင်း၊ ကြောင်မျက်ရွဲကိုသော်လည်းကောင်း၊ အကျော်ကိုသော်လည်းကောင်း၊ ကုင်္ကုမံကိုသော်လည်းကောင်း၊ ပရုပ်ကိုသော်လည်းကောင်း၊ အခိုးအထုံအမှုန့် စသည်ကိုသော်လည်းကောင်း၊ နံ့သာဖြူနီစသော အမွှေးအကြိုင်ကိုသော်လည်းကောင်း ထိုကဲ့သို့ စင်ကြယ်သန့်ရှင်း မွှေးကြိုင်သော ပစ္စည်း ၀တ္ထုသဘောကို အဏုမြူမျှလောက်ပင် မတွေ့မမြင်ရပေ။
ဤကိုယ်ကာယ တစ်လံမျှလောက်၏ အတွင်း၌ အမှန်တကယ် တွေ့ရှိရသည်မှာ ပုပ်ညှီနံစော်၍ ကျက်သရေမဲ့ မြင်ကွင်းဖြစ်သော အမျိုးမျိုးသော ဆံပင်အမွှေး စသည်အပြားရှိသော မစင်မကြယ် စက်ဆုပ်ဖွယ်ကိုသာလျှင် တွေ့မြင်ရ၏။
ထို့ကြောင့် သုံးဆယ့်နှစ်ကောဌာသဆိုသည်မှာ စက်ဆုပ်ရွံရှာဖွာ် မနှစ်မြို့ဖွယ်တို့ဖြင့် ပြည့်နှက်နေသော ဆံပင်စသော သုံးဆယ့်နှစ်ပါးသော အစုအဝေးတို့ဖြင့် ပေါင်းစည်းထားသော ဤကိုယ်ကာယ တစ်လံမျှကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ ပြန်လည် ကူးယူပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာပန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ။
တောသားလေး

Tuesday, 17 May 2011
*ကမ္ဘာ့ကုလသမဂ္ဂမှာ ကျင်းပတဲ့ ဗုဒ္ဓနေ့မှတ်တမ်း*
မေလ ၁၆-ရက်၊ ၂၀၁၁-ခု တနင်္လာနေ့..၁၃၇၃ခု ကဆုန်လပြည့်နေ့တွင် အမေရိကန်နိုင်ငံ နယူးရောက်မြို့၌ ကျင်းပသော ဗုဒ္ဓနေ့မှတ်တမ်းဓါတ်ပုံများကို ဆရာတော် အရှင်တိက္ခဥာဏာလင်္ကာရ(ယော) ၏ Facebook စာမျက်နှာမှ ခွင့်တောင်းပြီး ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Monday, 16 May 2011
*ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့ ) Vesak Day*
မဟာလူသား မြတ်ဗုဒ္ဓ ,သစ္စာတ၇ားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာဘုရား ရှင်ရဲ့ မွေးနေ့ကို ရောက်ပါပြီ၊ ခရစ်တော်နဲ့ လူထုပေါင်းစည်းတဲ့နေ့ကို ခရစ်စမတ်တဲ့ ။ဗုဒ္ဓနဲ့ လူထုပေါင်းစည်းတဲ့နေ့ကို ၀ိဆတ်ဒေး လို့ခေါ်ပါတယ်။ နိုင်ငံတကာမှာ တနိုင်ငံနဲ့ တနိုင်ငံ ကျင်းပပုံတွေကလဲ မတူညီကြပါဘူး။ ရိုးရာပြက္ခဒိန်ကို လိုက်ပြီး နေ့ရက်တွေလွဲသလို အခေါ်အဝေါတွေလဲ လွဲနေတာ တွေ့ရပါလိမ့်မယ်။
အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာက တော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)( Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း(佛誕 (fó dàn))၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော် တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။
အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ၀ိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။
ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက် ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက် လေ့ရှိပါတယ်။
၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါသေးတယ်။ အမှန်ပြောရရင် ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့မွေးနေ့ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေပါ တယ်။
ဒါကို မြန်မာ့ယဉ်ကျေးမှုမှာတော့ ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထားကြပါတယ်။
၁-ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာ အမျိုးကောင်းသားကို လေးသင်္ချေ ကမ္ဘာတသိန်းထက်မှာ ဂေါတမ ဗုဒ္ဓနာမည်နဲ့ ဘုရားဖြစ်လိမ့်မယ်လို့ မိန့်ကြားခဲ့တာလဲ ဒီကဆုန်လပြည့်နေ့ပါပဲ။
၂- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် ဘီစီ ၆၂၃ မှာ မွေးဖွားခဲ့ပါတယ်။
၃- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။
၎- မဟာသက္ကရာဇ် ၁၀၄ ကဆုန်လပြည့် ဘီစီ ၅၈၇ မှာ ဗုဒ္ဓ၀င်အကျဉ်းကိုဟောတော်မူပါတယ်
၅= မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အဂါင်္နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် ၀င်စံတော်မူပါတယ်။
ဘုရားအဖြစ်နဲ့ ၄၅ ၀ါ သီတင်းသုံးတော်မူခဲ့တယ်။ အဲဒီ ၄၅ နှစ်အတွင်းမှာ တရားဟောခြင်း သံဃာ့အဖွဲ့အစည်း ထူထောင်ခြင်းနှင့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့ အကျိုးကျေးဇူးတရားကို နေ့မနားညမအား ကြိုးစားဆောင်ရွက်တော်မူခဲ့ပါတယ်။
အရှင်တိက္ခဥာဏာလင်္ကာရ
ဝန်ခံချက်။ အရှင်ကုသလသာမိ၏ ဘာသာပြန်ဆောင်းပါးကို ကိုးကားဖော်ပြသည်။
ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ဆောင်းပါးလေးကို ဒီနေရာလေးမှ ကူးယူပြီး စာဖတ်သူ ဓမ္မမိတ်ဆွေများကို ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော် 25.4.2010 တုန်းက ရေးသားခဲ့သော လမြတ်ကဆုန် ပိုစ်လေးကိုလည်းဒီမှာ သွားရောက် ဖတ်ရှု့နိုင်ပါတယ်ခင်ဗျာ။
ကျွန်တော် 25.4.2010 တုန်းက ရေးသားခဲ့သော လမြတ်ကဆုန် ပိုစ်လေးကိုလည်းဒီမှာ သွားရောက် ဖတ်ရှု့နိုင်ပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Friday, 13 May 2011
*လောကတွင် ကြီးပွားတိုးတက်ပြီး အဓွန့်ရှည်ရန်….*
ကျွန်တော်တို့ကျောင်းတွင် အပတ်စဉ် စနေနေ့တိုင်း အွန်လိုင်းမှ သီလပေး တရားပွဲများ ပြုလုပ်လေ့ရှိပါတယ်။ ဆရာတော် အရှင်သာဓိန အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လည်ကြွသွားပြီးနောက် ဆရာတော် အရှင်ဣန္ဒစရိယက ဆက်လက်၍ ကျွန်တော်တို့ကျောင်းတွင် သီလပေး ဆုံးမတရားပွဲများကို ပြုလုပ်ခဲ့ပါတယ်။ ဆရာတော် အရှင်ဣန္ဒစရိယလည်း အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံကို မကြာမီ ပြန်လည်ကြွတော့မည်ဖြစ်၍ 7.5.2011 နေ့တွင် ဆရာတော်က ကျွန်တော်တို့အားလုံးအတွက် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များစွာထဲမှ လောကတွင် ကြီးပွားတိုးတက်ရန်နှင့် ကြီးပွားတိုးတက်လာပြီးလျှင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ဘယ်လို လုပ်ဆောင်ရမည် ဆိုတာတွေကို ဓမ္မလက်ဆောင်အဖြစ် ဟောကြားခဲ့တာကိုအခြေခံပြီး ကျွန်တော် ဒီပိုစ်လေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က လောကတွင် ကြီးပွားတိုးတက်ရန်အတွက် သမ္ပဒါ(ပြည့်စုံခြင်း)တရား ၄-ပါး နှင့် ပြည့်စုံရမည်ဟု ဟောကြားတော်မူခဲ့ပါတယ်။ သမ္ပဒါ(ပြည့်စုံခြင်း)တရား ၄-ပါးမှာ-
၁။ ဥဋ္ဌာနသမ္ပဒါ= ထကြွလုံ့လရှိခြင်း။
ဘယ်အလုပ် ဘယ်ပညာရပ်မဆို ကိုယ်ကိုတိုင် ကျွမ်းကျင်တတ်မြောက်ပြီး ဇွဲလုံ့လ ၀ိရိယနှင့် ကိုယ်ကိုတိုင် ဦးစီးဦးဆောင် ပြုလုပ်နိုင်လျှင် လောကတွင် ကြီးပွားအောင်မြင်နိုင်ပါတယ်။ ဥပမာ ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ယောက်ဟာ သူလုပ်နေတဲ့ လုပ်ငန်းကို ကျွမ်းကျင်စွာဖြင့် စီမံအုပ်ချုပ်နိုင်ခဲ့ရင် အောင်မြင်သော လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်လာမည်ဖြစ်ပါတယ်။ အဲဒါကို ဥဋ္ဌာနသမ္ပဒါ ဟုခေါ်တွင်ပါတယ်။
၂။ အာရက္ခသမ္ပဒါ= လုံခြုံစွာ သိမ်းဆည်းစောင့်ရှောက်တတ်ခြင်း။
ကြိုးစား၍ ရရှိလာသော စည်းစိမ်ဥစ္စာတို့ကိုလည်း ရန်သူမျိုးငါးပါး၏ လက်တွင် မပျက်ပြားအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှလည်း လောကတွင် ကြီးပွားအောင်မြင်နိုင်ပါတယ်။ ဥပမာ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးက စီမံအုပ်ချုပ်ပြီး စီးပွားရေးလုပ်ငန်းများ အောင်မြင်နေသော်လည်း သားဆိုး သမီးဆိုးများ၏ မသိတတ်စွာဖြင့် ဆိုးသွမ်းပြီး သုံးဖြုန်းနေလျှင်လည်း ဘယ်လောက်အောင်မြင်သော လုပ်ငန်းကြီးဖြစ်ပါစေ ပျက်စီးသွားမှာဘဲ ဖြစ်ပါတယ်။ အဲဒါမျိုးတွေ မဖြစ်အောင် လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက် နိုင်မှသာ အာရက္ခသမ္ပဒါ ဟုခေါ်တွင်ပါတယ်။
၃။ ကလျာဏသမ္ပဒါ= မိတ်ဆွေကောင်းရှိခြင်း။
ကြီးပွားတိုးတက် အောင်မြင်ဖို့အတွက် မိတ်ဆွေကောင်းရှိဖို့ အလွန်အရေးကြီးပါတယ်။ မိတ်ဆွေကောင်းဆိုတာ အမှားမြင်နေရင် အမှန်ပြင်ပေးရပြီး၊ အမှန်ကိုလည်း လက်ခံ၍ တစ်ယောက်နှင့်တစ်ယောက်လည်း သစ္စာရှိရမှာဖြစ်ပါတယ်။ ဥပမာ လုပ်ငန်းတစ်ခုကို တွဲဖက်လုပ်နေသော သူငယ်ချင်းနှစ်ယောက် တစ်ယောက်က သစ္စာမရှိဘဲ ကွယ်ရာမှာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း၏ မကောင်းကြောင်း အလုပ်၏ လျှို့ဝှက်ချက်တွေကို တခြားသူများကို ပြောပြနေလျှင်လည်း ဘယ်လိုမှ အောင်မြင်သော လုပ်ငန်းကိုလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကလျာဏသမ္ပဒါဆိုတဲ့ မိတ်ဆွေကောင်းရှိဖို့သည်လည်း ကြီးပွားအောင်မြင် တိုးတက်ဖို့အတွက် လိုအပ်လှပါတယ်။
၎။ သမဇီဝိတသမ္ပဒါ= အဝင်အထွက် မျှတသော အသက်မွေးမှုရှိခြင်း။
တရားမျှတစွာဖြင့် ချွေတာစုဆောင်းပြီး အသက်မွေးရမှာ ဖြစ်ပါတယ်။ ဥပမာ ငွေတွေအများကြီးပိုင်ဆိုင်လာပြီး ကိုယ်အတွက် အမှန်တကယ် အသုံးမ၀င် မလိုအပ်သော ပစ္စည်းများကို ဈေးကြီးပေးဝယ်၍ ငွေတွေကို သုံးစွဲခဲ့ပါက ကိုယ်ပိုင်ဆိုင်ထားသမျှ၏ မကြာခင် ဆုံးရှုံးသွားမှာဘဲ ဖြစ်ပါတယ်။ အဲဒီလို မဖြစ်အောင် ချွေတာ စုဆောင်းပြီး လိုအပ်တာနဲ့ မလိုအပ်တာကို ကိုယ်ပိုင် အသိဥာဏ်နဲ့ ဆင်ခြင်သုံးသပ်ရမှသာလျှင် သမဇီဝိတသမ္ပဒါဆိုတဲ့ အဝင်အထွက် မျှတသော အသက်မွေးမှုရှိခြင်းဖြစ်ပြီး လောကတွင် ကြီးပွားအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
အထက်ပါ အချက်လေးချက်နှင့်ပြည့်စုံပါက ကြီးပွားတိုးတက်အောင်မြင်သောသူ တစ်ယောက်ဖြစ်လာမည် ဖြစ်ပါတယ်။ အဲဒီလို အောင်မြင်သောသူတစ်ယောက် ဖြစ်လာပါကလည်း ဆက်လက်ပြီး အဓွန့်ရှည်ရန်အတွက် မြတ်စွာဘုရားရှင်က သင်္ဂဟတရားလေးပါး ထားရှိရမည်ဟု ဟောကြားထားခဲ့ပါတယ်။ သင်္ဂဟသည် ချီးမြှောက်ခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တစ်ပါးသူတို့အား ချီးမြှောက်ခြင်းကို ဆိုလိုပါတယ်။ တဦးနှင့်တဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများဖြစ်ကြ၏။ သင်္ဂဟတရား ၄-ပါးမှာ-
၁။ ဒါန= ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း။
ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီူမြှောက်ခြင်း ဆိုသည်မှာ-ပစ္စည်းလက်ဆောင်ပေး၍ ချီးမြှောက်ခြင်းဖြစ်သည်။ ဥပမာ ကိုယ်အိမ်က လုပ်ငန်းတွင် အတူတကွ လုပ်ကိုင်နေကြသော သူများကို သူတို့ကြိုးစားလုပ်တာကို အသိအမှတ်ပြုသော အနေနှင့် အ၀တ်အစား စားသောက်စရာများ ပေးကမ်းချီးမြှင့်ခြင်းမျိုးဖြစ်ပါတယ်။
၂။ ပေယျဝစ္စ= ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း။
လူအများနှင့် ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ် အပြောအဆိုမျိုးဖြင့် ပြောဆို ဆက်ဆံခြင်းဖြစ်သည်။ ကိုယ်ထက်အသက်ကြီးသူများကို တွေ့ပါကလည်း မသိသော်လည်း ဦးကြီး ဦးလေး အဒေါ် အကို အစ်မ စသည်ဖြင့် ခေါ်၍ ငယ်ရွယ်သူများဖြစ်ပါကလည်း ညီ ညီမ မောင်လေး ညီမလေး စသည်ဖြင့် ခင်မင်နှုက်ချိုသာစွာဖြင့် ပြောဆိုဆက်ဆံခြင်းမျိုး ဖြစ်ပါတယ်။
၃။ အတ္ထစရိယာ= သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီူးမြှောက်ခြင်း။
တစ်ပါးသူတို့၌ ကိစ္စကြီးငယ် အသွယ်သွယ် ပေါ်လာလျှင်လည်း လက်ဆောင်ပေးပို့ရုံ၊ ချစ်ဖွယ်စကားပြောဆိုနေရုံဖြင့် မပြီးသေးဘဲ ထိုသူ၏ အခက်အခဲများကို ကိုယ်လုပ်ပေးနိုင်သော တာဝန်ယူနိုင်သော ကိစ္စများဖြစ်ပါက လျစ်လျူရှ့မထားဘဲ ပြီးစီးအောင်မြင်အောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့်လည်း ချီးမြှောက်သင့်ပါတယ်။
၎။ သမာနတ္ထတာ= ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း တို့ဖြစ်သည်။
ဥပမာ အိမ်တစ်အိမ် ထမင်းဝိုင်းမှာ ထမင်းစားနေတုန်း ဆွေမျိုးတွေရောက်လာခဲ့ပါလျှင် ကိုယ်ကလည်း စားနေတုန်း ဒါပေမယ့် အဲဒီဆွေမျိုးက ဆင်းလည်းဆင်းရဲ ကိုယ်ထက်အရာရာ နိမ့်ကျတယ်ဆိုပြီး သူစားဖို့ ထမင်းတစ်ဝိုင်းပြင်လိုက်ကွာ ဆိုရင်ဖြင့် သမာနတ္ထတာ ဆိုတဲ့ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း မမည်ပါဘူး။ ထို့ကြောင့် အမျိုး၊ ဥစ္စာ၊ ရာထူး၊ ဂုဏ်ဓန စည်းစိမ်အားဖြင့် မိမိနှင့်မညီမျှသော်လည်း မိမိနှင့်တန်းတူ ထား၍ ပေါင်းသင်းဆက်ဆံမှသာလျှင် သမာနတ္ထတာ မည်ပါသည်။
မြတ်စွာဘုရားရှင်က-ဤသင်္ဂဟတရား လေးမျိုးတို့သည် သွားနေသော ရထား(လှည်း) ကို ဘီးထွက်မသွားအောင် ၀င်ရိုးအစွန်း၌ တပ်ထားသော နားစောင့်က ချီးမြှောက်ထောက်ပံ့ထားသကဲ့သို့ လူ့လောကကို ချီးမြှောက်ထားသော တရားတို့ဖြစ်ပြီး မိခင်ရင်း ဖခင်ရင်းတို့သည်ပင် သားသမီးများအပေါ် သင်္ဂဟတရားလေးပါး ပျက်ကွက်လျှင် သားသမီးတို့၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ဤ သင်္ဂဟတရားလေးပါး ပြည့်စုံလျှင် ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်မည်ဟု ဆိုဆုံးမထားပါသည်။
နိဂုံးချုပ်အနေဖြင့် လူမျိုးဘာသာမရွေး၊ လူကြီး လူရွယ် လူငယ်မရွေး၊ ကျွန်တော်တို့တတွေအားလုံးသည် လောကီနယ်ကို ဘယ်လိုမှ သံယောဇဉ် မဖြတ်နိုင်သေးသရွေ့ လောကီနယ်တွင် ကျင်လည်နေကြမည်ဆိုလျှင်ဖြင့် ကြီးပွားချမ်းသာအောင်မြင်ပြီး လူချစ်လူခင်ပေါများသော သူတစ်ယောက် ဖြစ်လာစေရန်အတွက် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော သမ္ပဒါ(ပြည့်စုံခြင်း)တရားလေးပါးနှင့် သင်္ဂဟတရားလေးပါးကို လက်ကိုင်ထားပြီး လိုက်နာကျင့်သုံးရမည် ဖြစ်ပါတယ်။ အဲဒီတရားများကို လက်ကိုင်ထား၍ ဆက်လက်ပြီး သီလ ၀ိပဿနာ ဘာဝနာ တရားများကို ကြိုးစားအားထုတ်ခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်လမ်းကို တက်လှမ်းနိုင်အောင် ကြိုးစားသွားမည်ဆိုလျှင် ဖြစ်လာသမျှ လူ့လောကတွင် လူဖြစ်မရှုံးဘဲ လူဖြစ်ရကျိုးနပ်မည်ဖြစ်ကြောင်း ပြောရင်း လောကတွင် ကြီးပွားတိုးတက်ပြီး အဓွန့်ရှည်ရန်… ဆိုတဲ့ပိုစ်လေးကို ဒီနေရာမှာဘဲ အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Tuesday, 10 May 2011
*တူ သုံးမျိုး ဖြစ်လာသောအခါ... *
လူကြီးသူမတွေ ပြောတတ်ကြတဲ့ စကားလေး တစ်ခုကို စာရေးသူ ကြားဖူးတယ်။ လောကကြီးမှာ တူ သုံးမျိုး ဖြစ်လာရင် လောကကြီးဟာ ပျက်စီးလာပြီ တဲ့။
အဲဒီ တူ သုံးမျိုးကတော့
(၁) ယောက်ကျားနဲ့ မိန်းမ တူလာသောအခါ
(၂) ရဟန်းနဲ့ လူနဲ့ တူလာသောအခါ
(၃) ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ
အဲဒီ တူ သုံးမျိုးကို စာရေးသူ သေသေချာချာ စဉ်းစားမိတော့မှ အနက် အဓိပ္ပာယ်ကို ထင်ရှားလာတော့တယ်။
ပထမ တူ တစ်မျိုးကတော့ ယောက်ကျားနဲ့ မိန်းမနဲ့ တူလာသောအခါ တဲ့။
ယောက်ကျားတွေရဲ့ နေပုံထိုင်ပုံ၊ အပြုအမူတွေကို မိန်းမတွေက လိုက်လုပ်ကြတဲ့ အခါမှာ မဖြစ်သင့်တာတွေ ဖြစ်လာတတ်တော့တာပဲ။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ သဘောသဘာဝဟာ အမျိုးသားတွေနဲ့ ထပ်တူ လုံးဝ မဖြစ်သင့်လို့ ပါပဲ။
အိန္ဒိယ၊ ဒေလီတက္ကသိုလ်မှာ စာရေးသူကို မဟာယာနဗုဒ္ဓဘာသာ နိုင်ငံ တစ်နိုင်ငံက သီလရှင် တပါးက ပြောဖူးတယ်။
“မြတ်စွာဘုရားက မတရားဘူး’’ တဲ့။
ဟော ဘယ့်နှယ်ဖြစ်ရတာပါလိမ့်။ မြတ်စွာဘုရားက မတရားဘူး ဆိုပါလား။ ဒါနဲ့ပဲ စာရေးသူက အဲဒီ သီလရှင်ကို အကျိုးအကြောင်း မေးကြည့်တော့။
“မြတ်စွာဘုရားက ၀ိနည်းတွေ ချမှတ်ခဲ့တာ။ အမျိုးသမီး ရဟန်းမတွေကျတော့ အမျိုးသား ရဟန်းတွေထက် ၀ိနည်းစည်းကမ်းတွေက ပိုများနေတယ်”
ဒါနဲ့ပဲ စာရေးသူလည်း ပြန်ပြောပြရတော့တယ်။
“မြတ်စွာဘုရားက တရားမမျှတတာ မဟုတ်ပါဘူး ဆရာလေး။ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ သဘော သဘာဝချင်းက မတူညီကြလို့သာ ဘုရားက ၀ိနည်းစည်းကမ်းတွေကို ခွဲခြားပြီး သတ်မှတ်ခဲ့ရတာပါ။
ဒါပေမဲ့လည်းပဲ နိဗ္ဗာန်ကိုတော့ ယောက်ကျား၊ မိန်းမ မခွဲခြားဘဲ ကျင့်ကြံတဲ့ လူတွေ အားလုံး ရောက်နိုင်တယ် မဟုတ်လား။ ယောက်ကျားတွေပဲ နိဗ္ဗာန် ရောက်တယ်လို့ မဟောကြားခဲ့ဘူးလေ။
အဲဒါကို ကြည့်ရင် မြတ်စွာဘုရားက တရားပါတယ်”
အဲဒီလို ပြောပြလိုက်မှပဲ အဲဒီ ဆရာလေးလည်း ဘာမှ ပြန်မပြောတော့ဘူး။
တကယ်လို့သာ မိန်းမတွေဟာ၊ ယောက်ကျားတွေအတိုင်း နေထိုင်ကုန်ကြမယ် ဆိုရင် အဲဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ မဖြစ်သင့်တာတွေ ဖြစ်လာကြတော့မှာပါ။ အပြောအဆို၊ အနေအထိုင် တွေက အစပေါ့။
ဥပမာ - ယောက်ကျားတွေက စွပ်ကျယ်နဲ့ပဲ ဖြစ်ဖြစ်၊ ဘောင်းဘီတိုဖြစ်ဖြစ်၊ ပုဆိုးကို ခါးတောင်းကျိုက်ပြီး ဖြစ်ဖြစ် နေရင် ဘာမှ မဖြစ်နိုင်ပေမဲ့ မိန်းမတွေ အတွက်ကတော့ ငါလည်း လူ့အခွင့်အရေးပဲ လုပ်လို့ ရတယ် ဆိုပြီး လိုက်လုပ်ရင် မဖြစ်သင့်ဘူးပေါ့။ ကျန်တာတွေကတော့ စာရှုသူတို့ ဆက်ပြီး တွေးကြပေတော့။
ဒုတိယ တူ တစ်မျိုးကတော့ ရဟန်းနဲ့ လူနဲ့ တူလာသော အခါ တဲ့။
စာရေးသူ ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ် ရှိတယ်။ တောနေ ရသေ့ တစ်ပါးရဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် တာဝန်တွေက တရားကိုသာ ကျင့်ကြံအားထုတ်ဖို့ပါ။ ဒါပေမဲ့ ရသေ့က တောထဲက ရွက်ဖျင်တဲ ကျောင်းလေးမှာ သီတင်းသုံးရင်း တရားအားထုတ်နေရာကနေ ကျောင်းပတ်ဝန်းကျင်မှာ စားစရာ သစ်ပင်လေးတွေ စိုက်ပျိုးလာတော့တယ်။
အဲဒါပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ သစ်ပင်စိုက်ရင်း စီးပွားဖြစ်ထွန်းလာပြီး တရားအားထုတ်မှု လျော့ရဲ လာတော့တယ်။ နောက်ထပ်ဖြစ်လာတာက ယခင်က တရားအားထုတ်နေတဲ့ တဲကျောင်းလေးမှာ မွေးကင်းစ ကလေးငယ်ရဲ့ အူဝဲ အူဝဲ အော်သံက ကြားလာရတယ်။ ဆိုလိုတာက အဲဒီ ပုဂ္ဂိုလ်ဟာ အိမ်ထောင်ကျသွားပြီလို့ ဆိုလိုတာပါ။
အဲဒီ ဥပမာလိုပါပဲ ရဟန်းတွေကလည်း ဂန္ထဓုရ - ပိဋကတ်စာပေကို သင်ယူခြင်း၊ ပို့ချခြင်း အလုပ်၊ ၀ိပဿနာဓုရ - ရဟန်းတို့ရဲ့ တရားအားထုတ်ခြင်း အလုပ် အဲဒီ သာသနာပြု အလုပ်တစ်ခုခုကို လုပ်နေရတယ်။
အခုခေတ်မှာတော့ ရဟန်းတွေဟာ လူမှုကယ်ဆယ်ရေး ပရဟိတ အလုပ် ဆိုတဲ့ အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်လာကြတာကို တွေ့ရတယ်။ အခုခေတ် သာသနာပြုနည်းမှာ တတ်စွမ်းတဲ့ ရဟန်းသံဃာတော်တွေကလည်း လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်ငန်းတွေပါ လုပ်ဆောင်ပေးနိုင်မှသာ ကိုယ့်သာသနာအတွက် စိတ်ချရမယ်။
အဲဒီ သာသနာပြု လုပ်ငန်း တစ်ခုခုကို ရဟန်းတွေက မလုပ်ကြရင် ရဟန်းတွေဟာ လူအလုပ်တွေဖြစ်တဲ့ လောကီကာမဂုဏ် အာရုံ အလုပ်တွေကို လုပ်ချင်လာကြလိမ့်မယ်။ လူတွေလိုပဲ အပျော်အပါးတွေကို လေ့လာလိုက်စားချင်လာရော။
ရဟန်းဆိုတာ ဒကာ၊ ဒကာမတွေ လှူဒါန်းလိုက်တဲ့ ၀တ္ထုပစ္စည်းတွေကို သာသနာအတွက် ဘယ်နေရာမှာ ပြန်ပြီး အသုံးပြုရမလဲ ဆိုတာ အမြဲတမ်း တွေးနေရတယ်။ ငွေကြေးတွေကိုလည်း သာသနာရဲ့ လိုအပ်တဲ့ နေရာတွေကို ပြန်အသုံးချဖို့ကိုသာ ပြုလုပ်နေရတယ်။ ဒီလိုမှ မဟုတ်ရင် ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ လာဒ်လာဘတွေ အပေါ်မှာလည်း သာယာပြီး လောဘတက်နေတတ်တယ်။
ဒါဆိုရင် ရဟန်းတွေဟာ လူစိတ်ဖြစ်လာပြီး သင်္ကန်းဝတ်၊ ဦးခေါင်းဆံပင် ရိတ်ထားတဲ့ ပုဂ္ဂိုလ်တွေ အဆင့်လောက်သာ ဖြစ်သွားနိုင်တယ်။ အဲဒါဟာ ရဟန်းနဲ့ လူနဲ့ တူလာတာပါပဲ။
နောက်ဆုံး တူ တစ်မျိုးကတော့ ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ တဲ့။
ဘုန်းကြီးကျောင်း ဆိုတာက လောကုတ္တရာ အလုပ်တွေကို လုပ်နေရမယ့် နေရာတစ်ခုပါ။ ဘုန်းကြီးကျောင်းဆိုတာက လောကီအလုပ်တွေ ၀င်ရောမနေဖို့ လိုပါတယ်။
ဆိုလိုတာက လူတွေရဲ့ အလုပ်ဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ သားရေး သမီးရေးများ အစရှိတဲ့ အကြောင်းအရာတွေနဲ့ ဘုန်းကြီးကျောင်းမှာ ပြည့်လာပြီဆိုရင် ဘုန်းကြီးကျောင်းက အိမ်နဲ့ တူနေပါပြီ။
အဲဒီလို တူ သုံးမျိုး မဖြစ်အောင် ဘယ်သူ့တွေမှာ တာဝန်ရှိသလဲ ဟု ဆိုလျှင် ရဟန်းရော လူတွေပါ တာဝန်ကိုယ်စီ ရှိကြတယ် လို့ ပြောရမှာပင်။ ရဟန်းကလည်း ရဟန်းအလုပ်၊ လူကလည်း လူအလုပ် ကဏ္ဍအသီးသီး ခွဲခြားပြီး လုပ်ကြမယ် ဆိုရင် လောကကြီးလည်း မပျက်စီးဘဲ သာသနာတော်ဟာလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေရမယ်ဆိုတာ သေချာပါတော့တယ်။
အရှင်ဥာဏဒီပ(ဓမ္မရတနာ)
ဒီပိုစ်လေးကို အရှင်ဥာဏဒီပ(ဓမ္မရတနာ)ဆိုဒ်မှ ကူးယူပြီး ဓမ္မမိတ်ဆွေများကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Saturday, 7 May 2011
*အမိ*
ခလုတ်ကန်သင်း၊ နှောက်ယှက်ခြင်းနဲ့
တွေ့မိပါက၊ အို...အမိ ဟု
သတိတရ ငါတို့တခဲ့။
မကျန်းမမာ၊ ရောဂါဖိစီး
အန္တရာယ်ကြီးနှင့်၊ ကြုံတွေ့ပြန်လည်း
အို...အမေ ဟု
သတိတရ၊ ငါတို့တ၏။
ဘ၀ခရီးကြမ်း၊ ခယောင်းလမ်းတွင်
စုံစီနဖာ၊ ဒုက္ခအဖြာဖြာကို
ကြုံတွေ့ပြန်လည်း၊ အမေလေး ဟု
သတိတရ ငါတို့တ၏။
ကောင်းကျိုးချမ်းသာ၊ အဖြာဖြာနှင့်
ဒုက္ခမျိုးစုံ၊ အဖုံဖုံကို
မတွေ့ကြုံက၊ သတိတရ
အမိမတ၊ မေ့နေကြသည်
ဘယ်မှာဝမ်းခါးရေစပ် မွေးရကျိုးနပ်မည်တည်း။
တောသားလေး(မြန်အောင်)
၈-မေလ ၂၀၁၁
အမေချစ်သော သားသမီးတိုင်းအတွက် အမေနေ့မှာ ရေးဖွဲ့သော ကဗျာလေးတစ်ပုဒ် အမှားပါရင် ခွင့်လွှတ်နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မွေးမိခင် အမေနှင့်တကွ ကမ္ဘာပေါ်ရှိ မိခင်တိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Thursday, 5 May 2011
*သီရိဂေဟာစံအိမ်*
လောကီလူ့ဘောင်တွင် လင်နဲ့မယား ဇနီးမောင်နှံနှစ်ဦး အတွဲမညီရင် အိမ်ထောင်ရေးသုခထက် အိမ်ထောင်ရေး ဒုက္ခကို ပိုပြီးခံစားရတတ်ပါတယ်။ ကျွန်တော်တို့တတွေ စီးနေတဲ့ ဖိနပ်တောင်မှ တစ်ဖက်နဲ့ တစ်ဖက်မတူညီသော အပြာနဲ့ အစိမ်းကို စီးသွားကြည့်ရင် သိသာပါတယ်။ စီးလိုတော့ရပါတယ်။ ဒါပေမယ့် အဆင်ပြေဘူး။ ဇနီးမောင်နှံနှစ်ဦးဟာလည်း လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့ စကားပုံရှိပေမယ့် ကိုယ်လျှာကို ဖြည်းဖြည်းလေးကိုက်မိရင်တော့ နည်းနည်းနာပြီး အရမ်းကိုက်မိရင်တော့ အရမ်းနာသွားတတ်တဲ့ သဘောလိုဘဲ အမြဲတမ်း တကျက်ကျက် ဖြစ်နေရင်လည်း အိမ်ဆူတော့ ဧည့်မလာဆိုသလို မကောင်းဖြစ်တတ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးဟာ အဓိကအားဖြင့် တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိဖို့ အရေးကြီးပါတယ်။ မူးယစ်ဆိုးသွမ်းနေတဲ့ ယောင်္ကျားတစ်ယောက်ကို ပေါင်းသင်းရတာထက် သစ္စာမရှိသူနဲ့ ပေါင်းသင်းရတာ ပိုပြီးတော့ ဒုက္ခခံစားရပါတယ်။ ဒါက သစ္စာမရှိခြင်းကို ထင်သာမြင်သာအောင်လေး ဥပမာလေး ပြောတာနော်။ မူးယစ်သောက်စားနေသူနှင့် ပေါင်းသင်းနေသော အိမ်ထောင်သည်လည်း ဘယ်လိုမှ အေးချမ်းသာယာသော မိသားစု ဖြစ်မလာနိုင်ပါဘူး။
ထမင်းရည်အတူ သောက်ရသောက်ရ ချစ်တာချစ်တာ ပဓာနလို့ ပြောကြတာတွေ ကြားဖူးတယ်။ တကယ်အချစ်စစ် မေတ္တာစစ် မေတ္တာမှန်သမားတွေအတွက် ကတော့ မှန်နိုင်တယ်။ အေးတူပူမျှ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဘယ်လိုရင်ဆိုင်ပါရစေ လက်တွဲမဖြုတ်ဖူးဆိုတဲ့ စုံတွဲတွေပေါ့။ တချို့ မေတ္တာစစ် မေတ္တာမှန်နဲ့ မဟုတ်ရင် လက်တွဲပြီးမှ တွဲလက်လေးတွေကို ဖြုတ်သွားကြတာတွေလည်း ဒုနဲ့ဒေးပါဘဲ။ ချစ်သူဘ၀တုန်းက ချစ်လှပါပြီ တဖွဖွပြောနေသော်လည်း တကယ့်လက်တွေ့ဘ၀ကို ရင်ဆိုင်ရသောအခါ မခိုင်မြဲသော မေတ္တာဖြင့်တော့ တွဲလက်တွေ ဘယ်လိုမြဲတော့မလဲ။ အဲဒီတော့ တွဲလက်ကိုဖြုတ် ငယ်ရွယ်သူဘ၀ အချစ်၏စေစားရာ စိတ်ကစားမိပါသဖြင့် မဖြစ်သင့်တာတွေဖြစ်ပြီး နောက်ဆုံးတော့လည်း ထာဝရ အမြဲတမ်းအေးမြသော အရိပ်အာဝါသကို ပေးစွမ်းနိုင်တဲ့ အနှိုင်းမဲ့ရင်ခွင်ဖြစ်တဲ့ မိဘရင်ခွင်ကိုဘဲ ပြန်လာကြရတာတွေလည်း မနည်းပါဘူး။
လင်နှင့်မယား ဇနီးမောင်နှံစုံတွဲဟာ အတွဲညီဖို့ စိတ်ညီဖို့ ခက်ခဲပါတယ်။ မြတ်စွာဘုရားရှင်ကလည်း အင်္ဂုတ္တိုရ် ပါဠိတော်မှာ လင်နဲ့မယားစုံတွဲ အတွဲ(၄)တွဲကို ယခုလို ဟောကြားထားပါတယ်။ ဒီလေးချက်ကိုတော့ ဆရာတော် ၀န၀ါသီ-အရှင်ဝါသေဌာဘိဝံသ ဟောကြားသော ကိုယ်ပိုင်ဥစ္စာ ကိုယ့်နောက်ပါ တရားတော်မှ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။
၁။ အချို့ ဇနီးမောင်နှံတွေဟာ ယောင်္ကျားဖြစ်သူက စေတနာသဒ္ဓါတရားကောင်း၊ ကိုယ်ကျင့်သီလဖြူစင်ပြီး အလှူအတန်းများလုပ်၊ ဥပုသ်စောင့်၊ တရားနာလေ့ရှိပါတယ်။ အမျိုးသမီးဖြစ်သူက သဒ္ဓါတရားလည်း မရှိ၊ ကိုယ်ကျင့်သီလည်း ချွတ်ယွင်း၊ ကုသိုလ်ရေးလည်း ၀ါသနာမပါ၊ ကိုယ်ထက်သာသူကို မနာလိုဖြစ်၊ မိမိရဲ့ ပစ္စည်း ဥစ္စာတွေအပေါ်မှာ ၀န်တိုခြင်း မစ္ဆရိယစိတ်တွေ အားကြီးပါတယ်။ အဲဒီလို ဇနီးမောင်နှံအတွဲကို နတ်သားနှင့် လူသေမိန်းမ ပေါင်းသင်းခြင်းလို့ခေါ်ပါတယ်။
၂။ အချို့စုံတွဲတွေကျတော့ ယောင်္ကျားဖြစ်သူက စေတနာ သဒ္ဓါတရားမွဲ၊ ကုသိုလ်ရေးဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာအမှုတွေလည်း စိတ်မ၀င်စားပါဘူး။ ဇနီးမယားဖြစ်သူက စေတနာသဒ္ဓါတရားဖြူစင်၊ ကုသိုလ်ရေးလည်း ၀ါသနာပါပြီး ဒါန၊ သီလ၊ ဘာဝနာ အမှုကို ပြုလေ့ရှိပါတယ်။ အဲဒီလို စုံတွဲမျိုးကို လူသေယောင်္ကျားနဲ့ နတ်သမီး ပေါင်းဖော်ခြင်းလို့ ခေါ်ပါတယ်။
၃။ အချို့စုံတွေဟာ ယောင်္ကျားဖြစ်သူရော ဇနီးမယား ဖြစ်သူပါ ကုသိုလ်ရေးလုပ်ငန်းမှာ ၀ါသနာမပါဘူး။ စေတနာ သဒ္ဓါတရားလည်းမွဲတယ်။ အဲဒီလိုစုံတွဲမျိုးကိုတော့ လူသေယောင်္ကျားနဲ့ လူသေမိန်းမ ပေါင်းသင်းနေထိုင်ခြင်းလို့ ခေါ်ပါတယ်။
၎။ အချို့စုံတွေတွဲဟာ လင်ယောင်္ကျားရော ဇနီးမယားပါ နှစ်ဦးစလုံး စေတနာသဒ္ဓါတရားဖြူစင်ပြီး ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အမှုကို ပြုလုပ်လေ့ရှိပါတယ်။ အဲဒီလိုစုံတွဲမျိုးကိုတော့ နတ်သားနဲ့ နတ်သမီး ပေါင်းသင်းခြင်းနေထိုင်ခြင်းလို့ ခေါ်ပါတယ်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ နံပါတ် တစ်၊ နှစ်၊ သုံး၊ လေး အချက်လေးချက်စလုံးမှာ ကျွန်တော်တို့ ပုထုဇဉ်လူသားများအတွက် လောကီလူ့ဘောင် သံသရာ ရေယဉ်ကြောတွင် သံယောဇဉ်ကို မဖြတ်နိုင်သေးသမျှ မျောကြ ကျင်လည်ကြမည်ဆိုလျှင် နောက်ဆုံးအချက်ဖြစ်တဲ့ နတ်သား နတ်သမီး အတွဲလိုမျိုးလိုဖြစ်အောင် ကျင့်ကြံသင့်ပါတယ်။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး။ စေတနာနဲ့ ပြောတာပါ။ အိမ်ထောင်ပြုပြီးသော ညီအကိုမောင်နှမများ၊ မပြုရသေးဘဲ ရည်မှန်းနေသော ညီအကိုမောင်နှမများ အနေဖြင့်လည်း အေးချမ်းသာယာသော အိမ်ထောင်တစ်ခုကို တည်ဆောင်နိုင်ဖို့အတွက် တစ်ဦးနှင့် တစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ကြပါ။ ငါက လူသေယောင်္ကျား၊ လူသေမိန်းမလား၊ နတ်သားတွေလား နတ်သမီးတွေလည်း ကိုယ်ကိုယ်တိုင် ပြန်လည်ဆန်းစစ်ကြည့်ကြပါ။
အကယ်၍ မဖြစ်သေးကြရင်လည်း စိတ်မပူပါနဲ့။ ပျက်အစဉ် ပြင်ခဏ ဆိုရိုးစကားလို ခုပြင်လိုက်ရင် အချိန်မှီပါသေးတယ်။ တကယ့်မေတ္တာစစ်နဲ့ လက်တွဲသော ဇနီးမောင်နှံ၊ ချစ်သူများသည် အချစ်၏တန်ခိုးဖြင့် လူသေယောင်္ကျား၊ လူသေမိန်းမ များဖြစ်နေရင် ကိုယ်ရဲ့လက်တွဲဖော်ကို နတ်သား၊ နတ်သမီးလိုမျိုး ဖြစ်လာအောင် ပြုပြင်ပေးနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပညာတွေ၊ မာနတွေ ပြိုင်မနေဘဲ သူပြောတာ ဟုတ်တယ်ဆိုရင်လည်း လက်ခံလိုက်၊ မဟုတ်ဘူးဆိုလည်း ဘယ်လိုဖြစ်တယ်ဆိုတာကို ပွင့်လင်းစွာဖြင့် ညှိနှိုင်းဆွေးနွေးပြီး မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို တင်းလွန်းရင်လည်း ပြတ်တတ်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်စွာ သစ္စာရှိစွာဖြင့် သူတင်းရင်ကိုလျော့ ကိုယ်တင်းရင်သူလျော့နဲ့ တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ကြည်ဖြူစွာ မေတ္တာစစ် မေတ္တာမှန်ဖြင့် တည်ဆောက်ကြမယ်ဆိုရင်ဖြင့် အေးချမ်းသာယာ ဖြောင့်ဖြူးသော နတ်သား နတ်သမီးစုံတွဲ၏ သီရိဂေဟာစံအိမ်လေးကို တည်ဆောက်နိုင်ကြမှာဖြစ်ပါကြောင်း ပြောရင်း ကျွန်တော်ရဲ့ ပိုစ်လေးကို နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Monday, 2 May 2011
*ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားဆိုခြင်း*
မပြီးဆုံးသောနေ့ရက်များကိုကျော်ဖြတ်ခြင်း ဘလော့လေးကို မွေးဖွားလာတာ (၂) နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ မမြဲခြင်း သင်္ခါရ သဘောတရားအရ ကျွန်တော့်ဘလော့လေးသည်လည်း ပုံစံအမျိုးမျိုး ပြောင်းလိုက်နဲ့ (၂)-နှစ်တာကာလ အတောအတွင်းကို ဖြတ်သန်းခဲ့ပါပြီ။ ဒီဘလော့လေးကို ရေးသားခြင်းဖြင့် ကျွန်တော်အတွက် မိတ်ဆွေသူငယ်ချင်းကောင်း ဘလော့ဂ်ဂါ များကိုလည်း သိခွင့် ခင်မင်ရင်နှီးခွင့် ရခဲ့ပါတယ်။ ဆရာသမားကောင်းများကို ပူဇော်ဆည်းကပ်ခွင့် ရခဲ့ပါတယ်။
ကျွန်တော် ဒီဘလော့လေးကို မရေးခင်က မြန်မာလက်ကွက် ကောင်းကောင်းမရိုက်တတ်ခဲ့ပါဘူး။ အဲဒီမှာ ကျွန်တော်နဲ့ တမြို့တည်းသားဖြစ်သော သုခရိပ်နဲ့ အွန်လိုင်းပေါ်မှာ သိခွင့်ရခဲ့ပါတယ်။ ကျွန်တော်နဲ့ သူနဲ့ အပြင်မှာ ခုထိ မတွေ့ကြရသေးပါဘူး။ ကျွန်တော် သူငယ်ချင်း သုခရိပ်က စတင်ပြီး ဘလော့စပေါ့လေး လုပ်ပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် အွန်လိုင်းမှာ ပထမဆုံး သိခွင့်ရပြီး ကျွန်တော်ကို ဖိုးသားလို့ အမြဲခေါ်တတ်တဲ့ ဆရာတော် အရှင်နာယကာလင်္ကာရ၏ ကူညီမှု အားပေးမှုတွေကြောင့် ကျွန်တော် အားတက်ခဲ့ရပါတယ်။ ဆရာတော်ကို တပည့်တော် ဒီနေရာကနေ ရှိခိုးကန်တော့လိုက်ပါတယ်ဘုရား။ ဆရာတော် သီတဂူစတား၊ ဆရာတော် အရှင်ပညာနန္ဒ၊ ဆရာတော် အရှင်သာဓိန၊ ဆရာတော် အရှင်ဣန္ဒာစရိယ၊ ဆရာတော် ဦးကောဝိဒ(မြိတ်)၊ ဆရာတော် အရှင်ဥာဏဒီပ(ဓမ္မရတနာ)၊ ဆရာတော် အရှင်တိက္ခဥာဏာလင်္ကာရ၊ တခြားဆရာတော်များစွာနှင့် သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကိုလည်း ရှိခိုးကန်တော့လိုက်ပါတယ်။ မြတ်ဗုဒ္ဓ၏ကျေးဇူး ဓမ္မ၏ကျေးဇူး အရှင်ဘုရားတို့၏ ကျေးဇူးကြောင့် တပည့်တော်၏ မပြီးဆုံးသောနေ့ရက်များကို မှန်ကန်စွာ လျှောက်လှမ်းနိုင်ပါပြီဘုရား။ မပြီးဆုံးသေးသောလမ်းကို လျှောက်လမ်းနေ့သရွေ့ မမှားသောရှေ့နေ မသေသော ဆေးသမား ဆိုတာရှိသလို အမှားများတွေ့ပါကလည်း လမ်းညွန်ဆုံးမပေးရန် လျှောက်ထားလိုက်ပါတယ်ဘုရား။
ဒီ (၂) နှစ်တာကာလအတွင်း အခက်အခဲများကို ၀ိုင်းဝန်းကူညီပေးကြသော သူငယ်ချင်းများ၊ ကျွန်တော်၏ စာရေးဆရာမဟုတ် မရေးတတ်ရေးတတ်နဲ့ ရေးသားထားသော စာပေများကို နားလည်စွာဖြင့် လာရောက်လည်ပတ် အားပေးဖတ်ရှု့ကြသော ဓမ္မမိတ်ဆွေ သူငယ်ချင်းများ၊ Facebook စာမျက်နှာတွင် အားပေးကြသော သူငယ်ချင်းများ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ထို့အပြင် ကျွန်တော်ဘလော့လေးကို ဘလော့စပေါ့ကနေ ဒိုမိန်းဖြစ်အောင် ကူညီပေးသော အလှူရှင်ဆရာတော်နှင့် အလှူရှင် စေတနာရှင်မလေးကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ထိုက်သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ကျွန်တော် တောသားလေးက ဒီနေရာမှနေ၍ ပြောကြားလိုပါတယ်။
မပြီးဆုံးသေးသော ခရီးလမ်းကို ကျွန်တော်ရေးနိုင်သမျှ တတ်နိုင်သမျှ အားလပ်သော အချိန်များတွင် ဆက်လက်၍ ကြိုးစားရေးသားမည်ဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းများကလည်း ဆက်လက်ပြီး လာရောက်အားပေးကြပါရန် ပြောကြားလိုပါတယ်။
ဓမ္မမိတ်ဆွေ သူငယ်ချင်းအားလုံးအတွက် ကျွန်တော်ပြုလုပ်ထားတာလေးတွေကို ဓမ္မလက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
ဓမ္မမိတ်ဆွေ သူငယ်ချင်းများအားလုံး လိုရာဆန္ဒတွေအားလုံး ပြည့်ဝကြပါစေ။
တောသားလေး

Saturday, 30 April 2011
*ကံချင်းမတူ လူချင်းမတူ*
ဘုရားရှင်လက်ထက်ဝယ် သုဘလုလင်သည် လူချင်းတူပါလျက် တစ်ဦးနှင့် တစ်ဦး အကျိုးပေး ထူးခြားပုံကို မြင်ရသဖြင့် မရှင်းလင်းသည့်အတွက် တစ်ဆယ့်လေးချက်သော ပြဿနာတို့ကို လျှောက်ထားရာ၌ ဘုရားရှင်ဖြေတော်မူပုံကို ယခု ရဟန်းရှင်လူအများ နားလည်သဘောပေါက်စေရန် အကျဉ်းချုံး၍ ရေးသားဖော်ပြပါမည်-
၁။ အချို့မှာ အသက်တိုရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် သတ္တ၀ါတို့အပေါ်၌ သနားခြင်းကင်းမဲ့လျက် သူတပါး၏ အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိ၏။ ထိုသူမျိုးသည် သေလျှင် ငရဲသို့ ကျရောက်တတ်၏။ (ရှေးက ကုသိုလ်ကံ တစ်ခုခု၏ ထောက်ပံ့မှုကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်လျှင် ကြာရှည်စွာ နေခွင့်မရ။ အသက်တိုရလေသည်။)
၂။ အချို့မှာ အသက်ရှည်ရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့ကား သတ္တ၀ါတို့အပေါ်၌ သနားကြင်နာ ကရုဏာထားလျက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ ထိုသူများသည် သေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ပြန်လျှင်လည်း အသက်ရှည်စွာ နေကြရလေသည်။
၃။ အချို့မှာ အနာရောဂါများရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် တစ်စုံတစ်ယောက်သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း၊ ခဲ၊ တုတ်၊ ဓါး စသော လက်နက်ဖြင့်သော်လည်းကောင်း ညှင်းဆဲလေ့ရှိ၏။ ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်လျှင် ရောဂါထူပြော အနာပေါလေသည်။
၎။ အချို့မှာ အနာရောဂါကင်းရှင်းရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် တစ်စုံတစ်ယောက်သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း၊ ခဲ၊ တုတ်၊ ဓါး စသော လက်နက်ဖြင့်သော်လည်းကောင်း ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူမျိုးသေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ရောက်လျှင်ကား အနာရောဂါ ကင်းရှင်းရပေသည်။
၅။ အချို့မှာ အရုပ်ဆိုးရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် အလွန်ဒေါသကြီး၏။ အနည်းငယ် စကားပြောစရာရှိလျှင် သူတပါးကို ထိပါးပုတ်ခတ်၍ ပြောဆိုလေ့ရှိ၏။ ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်လျှင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။
၆။ အချို့မှာ ရုပ်အဆင်းလှခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် ဒေါသမထွက်၊ သူတစ်ပါး၏ အပြစ်ကို ပြောဆိုလေ့မရှိ၊ စိတ်ကြည်လင်အေးမြသူဖြစ်၏။ ထိုသူသေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ကြည်လင်လှပသော အဆင်း (ရုပ်ချောခြင်း)ကို ရရှိပေသည်။
ရ။ အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါးရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် ဣဿာ (ငြူစူခြင်း) တရားအားကြီး၏။ ထိုလူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါးရလေသည်။
၈။ အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ ကြီးမားရခြင်း
ထိုကဲ့သို့ ဣဿာ (ငြူစူခြင်း) တရားမရှိသောသူသည် သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း နာမည်ကျော်ကြား ခြွေရံများ၍ တန်ခိုးအာဏာသြဇာ ကြီးမားရပေသည်။
၉။ အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ မစ္ဆေရ (၀န်တိုခြင်း)တရား အလွန်အားကြီး၏။ ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ဥစ္စာမဲ့မွဲ ဆင်းရဲရလေ၏။
၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝရခြင်း
ထိုကဲ့သို့ မစ္ဆေရ (၀န်တိုခြင်း) တရားမရှိဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိသောသူသည် သေလျှင် နတ်ပြည်သို့ ရောက်ရ၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝရပေသည်။
၁၁။ အချို့မှာ အမျိုးယုတ်ရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် အလွန်မာန်မာနကြီး၏။ (သူတပါးကို အထင်အမြင်သေး၏။ ကိုယ့်ကိုယ်ကို အထင်ကြီး၏။ ရိုသေ လေးစားထိုက် သူကိုမျှ ရိုသေလေးစားရမှန်း မသိတတ်။ ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျ ယုတ်ညံ့သော အမျိုး၌ ဖြစ်ရ၏။
၁၂။ အချို့မှာ အမျိုးမြတ်ရခြင်း
ထိုကဲ့သို့ မာန်မာနမကြီးဘဲ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားလေ့ ရှိသောသူသည် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည့်ကို ရောက်ရလျှင်လည်း မြင့်မြတ်သောအမျိုး၌ ဖြစ်ရရိုးရှိ၏။
၁၃။ အချို့မှာ အသိအလိမ္မာ ဥာဏ်ပညာ နည်းပါးရခြင်း
ဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် ပညာရှိပုဂ္ဂိုလ်တို့ထံသို့ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ် ရှိ မရှိကိုလည်းကောင်း မိမိမှီဝဲထိုက် မမှီဝဲထိုက်သော အရာကိုလည်းကောင်း၊ နောင်သံသရာဝယ် ကြာရှည်လေးမြင့် ဖွံ့ဖွံ့ဖြိုးဖြိုး အကျိုးပေးမည့် တရားအချက်တို့ကိုလည်းကောင်း မေးမြန်းလေ့မရှိ၊ ထင်မိထင်ရာပြု၍ ဒုစရိုက်များသဖြင့် ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အသိအလိမ္မာ ဥာဏ်ပညာကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရပေသည်။
၁၄။ အချို့မှာ အသိအလိမ္မာ ဥာဏ်ပညာ ကြီးမားရခြင်း
ထိုကဲ့သို့သော တရားအချက်တို့ကို နှစ်သက်ကြည်ဖြု နာယူမေးမြန်းလေ့ရှိသော သူသည်ကားသေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူပြည်သို့ ရောက်ရလျှင်လည်း အသိ အလိမ္မာ ဥာဏ် ပညာ ကြီးမားလျက် ထက်မြတ်သော အခြေအနေကို ရတတ်ပေသည်။
လိုရင်းအချုပ်မှာ “ဘယ်သူမပြု မိမိမှု” ဟူသည်နှင့်အညီ ရှေးရှေးက ပြုခဲ့သော အမူ(ကံ) အားလျော်စွာ ကောင်းကျိုးနှင့် မကောင်းကျိုးကို ရကြလေသည်။
(ဥပရိပဏ ပဏ္ဏာသပါဋ္ဋိတော်၊ ၀ိဘင်္ဂ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်)
သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ ပြန်လည် ကူးယူပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာပန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ။
တောသားလေး

Thursday, 28 April 2011
*မသန်မစွမ်းမိဘမဲ့ကလေးများအတွက်အလှူ*
ကျွန်တော် ဒီနေ့ 28.4.2011 နေ့တွင် အလှူလေး တစ်ခု ဖြစ်မြောက်ခဲ့ပါတယ်။ မရှိလို့ မလှူ မလှူလို့ မရှိ ဆိုတာ တကယ်တော့ လှူမှ ပိုပြီး ရှိလာမှာကို ပြောတဲ့သဘောပါဘဲ။ အရင်ဘ၀ ကုသိုလ်လုပ် လှူခဲ့ကြလို့ ခုဘ၀မှာ ကောင်းကျိုးခံစားနေရတာဖြစ်ပြီး အခု မရှိလို့ဆိုပြီး မလှူဘဲနဲ့နေရင် နောက်ဘ၀တွေလည်း ဒီလိုဘဲ သံသရာတွေလည်နေမှာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မရှိပေမယ့်လည်း ကိုယ်တတ်နိုင်သရွေ့ တစ်ပဲလှူလှူ၊ တစ်ပြားလှူလှူ စိတ်ထားသန့်သန့် စိတ်သာ အဓိက ထားပြီး လှူကြရင် အကျိုးကျေးဇူးများစွာ ပေးပါတယ်။ ရှိပြီးသားသူတွေကလည်း တိုး၍ လှူခြင်းဖြင့် နိဗ္ဗာန်လမ်းကို မတက်လမ်းနိုင်သရွေ့ ကောင်းကျိုးချမ်းသာတွေကို ခံစားရပြီး နောက်ဆုံးတွင် မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက်ပြုသွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လှူမှလည်း သေရင်ကိုယ်နောက်ကို အထုတ်ကလေး သယ်သွားနိုင်မှာဖြစ်ပါတယ်။ စကားတွေအစချီနေတာနဲ့ လိုရင်းကို ရောက်ချင်တော့ဘူး :)
တစ်နေ့ အွန်လိုင်းတွင် စကားစပ်မိရင်းနဲ့ အစ်မ တစ်ယောက်ကလည်း မသန်မစွမ်း ကလေးတွေကို အလှူပြုချင်ပါတယ်။ အဲဒီမှာ ကျွန်တော်လည်း ရန်ကုန်က အန်တီကို ပြောပြတော့ အန်တီကလည်း သူတို့မိသားစုလည်း လှူချင်ပါတယ် စိတ်ဝင်စားတယ်ဆိုတာနဲ့ အန်တီတင့် မိသားစု၏ အကူအညီဖြင့် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်မစွမ်း ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ (DISABLED CARE CENTER) ကိုသွားရောက်ပြီး မုန့်အမျိုးမျိုး၊ အအေးဗူး၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ဆေးအမျိုးမျိုး တို့ကို လှူဒါန်းခဲ့ပါတယ်။ အဲဒီကျောင်းလေးတွင် ကလေး (၄၂) ယောက်နှင့် ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးသာ ဆရာမ (၁၇) ရှိပါတယ်။ ကျားမ သီးသန့် ထားပြီး ကလေးတွေက အလှူရှင်တွေလာတော့ ၀မ်းသာပြီး ငါတို့ မုန့်တွေစားရတော့မယ်ဆိုပြီး ပြောကြတယ်ဆိုတာကို သွားရောက်လှူဒါန်းခဲ့သော အန်တီက ပြန်လည်ပြောပြလို့ သိရပါတယ်။ အစ်မ မွန်၏ ဆန္ဒအရ လက်ဆောင်ထုတ်လေးတွေကိုလည်း Happy glorious birthday of Lord Buddha ဆိုတဲ့ စာတမ်းလေးတွေနှင့်ဖြစ်အောင် အန်တီတို့ မိသားစုက ပြုလုပ်ပေးခဲ့ပါတယ်။ အလှူရှင်များကတော့-
မမွန် (နော်ဝေ) = ကျပ် ၆၀၀၀၀
ဦးထွန်းမြိုင်+ဒေါ်ကျင်စိန် မိသားစု = ကျပ် ၁၅၀၀၀
အန်တီမြ = ကျပ် ၂၂၀၀၀
အန်တီတင့် = ကျပ် ၂၅၀၀၀
ဒေါ်နီနီသော် = ကျပ် ၈၀၀၀
စုစုပေါင်း = ကျပ် ၁၃၀,၀၀၀ (ကျပ်တစ်သိန်းသုံးသောင်း)
အန်တီတင့်တို့ မိသားစု အကူအညီဖြင့် ဓါတ်ပုံမှတ်တမ်းလေးတွေလည်း ရခဲ့ပါတယ်။ အားလုံးသော ဓမ္မမိတ်ဆွေ သူငယ်ချင်းများကိုလည်း သာဓု ခေါ်ဆိုနိုင်ရန်အတွက် ဓါတ်ပုံလေးတွေကို ပြန်လည် မျှဝေလိုက်ပါတယ်ခင်ဗျာ။
အခုလို အဖက်ဖက်မှ ဖြစ်မြောက်အောင်မြင်အောင် ကူညီဆောင်ရွက်ပေးသော အန်တီတင့် မိသားစုကိုလည်း အထူးကျေးတင်ရှိပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး
